နိုဝင်ဘာ၊ ၁၄
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက မနေ့ကတစ်ရက်ထဲတင် စခန်းပေါင်း ၄၀ နီးပါးကို စွန့်လွှတ်သွားတယ်လို့ ရက္ခိုင်တပ်တော် AA က ဒီနေ့မွန်းလွဲပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
စခန်းပစ်ပြီးထွက်သွားတဲ့ အဖွဲ့ဝင်တွေဟာ စစ်ကောင်စီရဲ့ စစ်စခန်းတွေမှာ သွားပူးပေါင်းတာနဲ့ ရဲစခန်း ၃ ခုကို တစ်ခုထဲအဖြစ် ပူးပေါင်းလိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် လက်နက်ချအညံ့မခံတဲ့ သူတွေကို ဆက်ပြီးတိုက်ခိုက်သွားမယ်လို့လည်း AA က သတိပေးထားပါတယ်။
မနေ့ကတစ်ရက်ထဲမှာပဲ စစ်ကောင်စီဘက်က ဗိုလ်မှူးတစ်ယောက်အပါအဝင် စစ်သား ၁၁ ယောက်ကို သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့သလို ရဲ ၂၈ ယောက်ဟာလည်း အသာတကြည်လက်နက်ချပြီး အလင်းဝင်လာတယ်လို့ AA က ဆိုပါတယ်။
မနေ့ကတော့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေမှာ စုစုပေါင်း စစ်ကောင်စီဘက်က ၂၄ ယောက်လောက် သေဆုံးခဲ့ပြီး AA ဘက်ကတော့ ၆ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
AA ဟာ အခုအချိန်မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ဝင်ရောက်တိုက်ခိုက်နေသလို စစ်ကိုင်းတိုင်းက မြို့သိမ်းတိုက်ပွဲတွေမှာလည်း KIA၊ PDF တို့ နဲ့အတူ ပါဝင်တိုက်ခိုက်နေပါတယ်။







