နိုဝင်ဘာ၊၁၄
ကချင်ပြည်နယ်၊ ဟူးကောင်းလီဒိုလမ်းမပေါ်က အောင်ရာနဲ့ ဘန်ကောက်ကျေးရွာကြား တစ်နေရာမှာ ရှဒူးဇွပ်အခြေစိုက် ပြည်သူ့စစ် စစ်သားတွေ အင်အားအလုံးအရင်းနဲ့ လမ်းသွား၊ လမ်းလာပြည်သူမှန်သမျှကို ဒီကနေ့မနက်ကနေ တားဆီးစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အဲဒီနေရာကနေ ဖြတ်သန်းသွားလာနေတဲ့ ကား၊ ဆိုင်ကယ် မှန်သမျှကို ပြည်သူ့စစ် စစ်သား အယောက် ၃၀ လောက်ကနေ တားဆီးပြီး လမ်းသွားလမ်းလာပြည်သူတွေရဲ့ ဖုန်းတွေကို အသေးစိတ်စစ်ဆေးတာတွေအပြင် ရှာဖွေမေးမြန်းမှုတွေပါ လုပ်ဆောင်နေပြီး လူတစ်ဦးကိုတော့ လက်ထိပ်ခတ်ထားတာတွေ့တယ်လို့ ခရီးသွားပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“တနိုင်းကနေ ဆင်းလာတဲ့ လူတစ်ဦးကိုတော့ လက်ထိပ်ခတ်ထားတယ်။ ခုလည်း စစ်နေတယ်။ လမ်းသွား၊ လမ်းလာအကုန်လုံးကို စစ်တာ“လို့ ဆိုပါတယ်။
အရင်က အထက်ပါ နေရာမှာ မကြာမခဏဆိုသလို စစ်ဆေးလေ့ရှိပေမဲ့ ဒီကနေမှာတော့ အရင်ကလို မသင်္ကာတဲ့သူတွေပဲ တားဆီးမေးမြန်းတာမျိုးမဟုတ်ဘဲ လမ်းသွား၊ လမ်းလာ ပြည်သူမှန်သမျှကို တားဆီးစစ်ဆေးနေတာလို့ ဆိုပါတယ်။
အထက်ပါ ပြည်သူရဲ့ ပြောပြချက်အရ ဒီကနေ့မနက် အစောပိုင်း ၁နာရီကျော်လောက်မှာ ဝါရာဇွပ်အမှတ်(၂) တံတားဟောင်း မိုင်းပေါက်ကွဲမှုရှိခဲ့တဲ့အတွက် အခုလို စစ်ဆေးတာ ဖြစ်နိုင်တယ်လို့လည်း သိရပါတယ်။
“ဝါရာဇွပ်တံတားအမှတ်(၂)တံတားဟောင်း ပေါက်ကွဲတာ။ အခုစစ်နေတဲ့ နေရာနဲ့ ၆မိုင်လောက် ဝေးတယ်။ သောကြာနေ့ညလောက်ကလည်း တစ်ခေါက် ပေါက်ကွဲမှု ရှိခဲ့တယ်။ အဲဒါကြောင့် ထင်တယ်။ အဲဒီနေရာမှာက အရင်လည်း တစ်ခါတစ်လေ စစ်လေ့ရှိတယ်။ ဒါပေမဲ့ ဒီနေ့လောက်တော့ မဆိုးဘူး“လို့ ပြောပါတယ်။
ဒီကနေ့မနက် ၈နာရီလောက်ကနေ လက်ရှိအချိန်အထိ လမ်းသွား၊ လမ်းလာပြည်သူတွေ တားဆီးစစ်ဆေးနေဆဲဖြစ်တဲ့အပြင် အထက်ပါ နေရာမှာ အရင်ကလည်း သတင်းကြားသိရမှုအပေါ်မူတည်ပြီး လမ်းသွားလမ်းလာပြည်သူတွေကို တားဆီးစစ်ဆေးမှုတွေ မကြာခဏ လာရောက် စစ်ဆေးမှုလုပ်လေ့ရှိတဲ့ နေရာတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။







