နိုဝင်ဘာ၊၁၅
စစ်ကောင်စီတပ်ခွဲမှူး ကောင်းမြတ်ကို (ကြည်း – ၄၆၅၉၇) ဦးစီးတဲ့ စစ်ကောင်စီတပ်သား (၃၂) ဦး လက်နက်ချ အညံ့ခံခဲ့တယ်လို့ KNDF က ဒီကနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
လွိုင်ကော်တက္ကသိုလ်ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ်မ(၆၆)လက်အောက်ခံ ခမရ (၄၂၅) နဲ့ ခမရ (၆) တပ်ရင်းတွေကို အပြီးသတ်ချေမှုန်းပြီး နောက်ဆုံးလက်ကျန် တပ်ဖွဲ့ဝင်တွေက လက်နက်ချအညံ့ခံခဲ့ပြီးတော့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။
အဲဒီလို အပြီးသတ်ချေမှုန်းတဲ့အချိန် စစ်ကောင်စီရဲ့ ခမရ(၄၂၅) တပ်ရင်းမှူးနဲ့ ဒု-တပ်ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါး သေဆုံးခဲ့ပြီး ခမရ(၆)ရဲ့ အင်အားတစ်ဝက်နီးပါးကိုပါ ချေမှုန်းနိုင်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။
ချေမှုန်းတိုက်ခိုက်ခဲ့တဲ့ KNDF စစ်ကြောင်းရဲ့ အထက်ပါစစ်ဆင်ရေးမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၁၀ ကျော် သေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၃၈ ယောက်၊ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၁၂၈ လက်နဲ့ ခဲယမ်းပစ္စည်းတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
လက်နက်ချ အညံ့ခံတဲ့ စစ်ကောင်စီသုံ့ပန်းတွေကိုတော့ စစ်ဖက်ဆိုင်ရာအက်ဥပဒေနဲ့ သုံ့ပန်းဆိုင်ရာမူဝါဒတွေအတိုင်း ခံစားခွင့်ပေးထားတဲ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုတွေကိုပါ အပြည့်အဝပေးပြီးတော့ ထိန်းသိမ်းထားတယ်လို့လည်း KNDF က ထုတ်ပြန်ထားပါတယ်။







