လျှပ်စစ်မီးနှင့် အင်တာနက်ပြတ်တောက်နေသည့် ကသာမြို့တွင် စစ်ကောင်စီက လက်နက်ကြီးများ ပစ်ခတ်နေသည့်အတွက် ဒေသခံအချို့ တိမ်းရှောင်

364

 

နိုဝင်ဘာ၊၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့မှာ လျှပ်စစ်မီးနဲ့ အင်တာနက်ပြတ်တောက်နေတဲ့အချိန် စစ်ကောင်စီက လက်နက်ကြီးတွေ ပစ်ခတ်နေတာကြောင့် ဒေသခံတချို့တိမ်းရှောင်နေရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မြို့နယ်တချို့မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ကာသာမြို့မှာ လျှပ်စစ်မီးနဲ့ အင်တာနက်လိုင်းမရရှိတာ ၁၀ ရက်လောက် ရှိလာပြီ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် မန္တလေး- စစ်ကိုင်းလမ်းမကြီးကိုလည်း ပိတ်ထားပြီး လမ်းတွေနဲ့ အင်တာနက်လိုင်းတွေ ပိတ်ထားတဲ့ချိန် ကသာစစ်ကောင်စီစစ်တပ်စခန်းက ညတိုင်း လက်နက်ကြီးတွေနဲ့ တိုက်ပွဲဖြစ်တဲ့ နေရာတွေကို လှမ်းပစ်တာတွေ ရှိနေတဲ့အတွက် ဒေသခံပြည်သူတချို့ မြို့ထဲက တိမ်းရှောင်နေကြတယ်လို့ ကသာမြို့က ဒေသခံတစ်ဦးက ပြောပါတယ်။

“ညဆို စစ်တပ်စခန်းက အမြောက်တွေပြန်ပစ်တော့ ကြောက်လို့ လိုက်လျှောက်ပြေး။ အိုး၊ ခွက်၊ ပန်းကန်အနည်းငယ် ဆန်အနည်းငယ်ယူပြီး ဘုန်းကြီးကျောင်းတွေမှာ သွားတည်း၊ မန္တလေးဘုန်းကြီးကျောင်းတွေမှာဆို အပြည့်ပဲ။“လို့ ဒေသခံက ဆိုပါတယ်။

မန္တလေးမြို့နဲ့ မြစ်ကြီးနားမြို့ဘက်ကို တိမ်းရှောင်ရင် ကားခ ၁၀ သိန်း ထက်မနည်း(စင်းလုံးငှား)ပေးရပြီး တချို့မြို့ခံတွေကတော့ တတ်နိုင်တဲ့ဘက်ကနေ ရှိသမျှထုပ်ပိုးပြီးတော့ တိမ်းရှောင်ကြပေမဲ့ တချို့ဒေသခံတွေကတော့ တိုက်ပွဲမဖြစ်လာချိန်အထိ မြို့ထဲမှာ နေထိုင်ဖို့ဆုံးဖြတ်ပြီး အရေးကြီး စာရွက်စာတမ်းတွေနဲ့ တစ်နိုင်စာ အဝတ်အထည်၊ စောင်နဲ့ စားစရာတွေကို အဆင်သင့် ထုပ်ပိုးထားကြတယ်လို့လည်း သိရပါတယ်။

အခုချိန်မှာတော့ ကသာမြို့နယ်အထက်ဘက် အင်းတော်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတဲ့အပြင် ကသာမြို့နယ်အောက်ဘက်ပိုင်းက ထီးချိုင့်မြို့နယ်ဘက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

စစ်ကောင်စီက မြေပြင်စစ်ကြောင်းနဲ့ တိုက်ခိုက်တဲ့အပြင် လေကြောင်းနဲ့လည်း နေ့စဉ်လာရောက်ပစ်ခတ်တဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေသာမက ကျေးရွာအတွင်းက အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတယ်လို့လည်း နောက်ထပ် ကသာဒေသခံတစ်ဦးကလည်း ပြောပါတယ်။

“မနေ့ကလည်း နဘားဟိုဘက်ဘေးမှာ လေယာဉ်နဲ့လာပြီး ချနေတယ်။ ဒီနေ့လည်း ချနေတယ်။ လေယာဉ်က နှစ်ဖက်တိုက်ပွဲဖြစ်နေတဲ့ အဲဒီကြားထဲမှာ လာပစ်တာပေါ့။“လို့ ဒေသခံက ဆိုပါတယ်။

မနေ့က စစ်ကောင်စီလေကြောင်းကနေ နဘားလမ်းဆုံအနီး ပစ်ခတ်လိုက်တဲ့ ဗုံးဒဏ်ကြောင့် ကသာနဲ့ မော်လူးဘက် ကုန်စိမ်းရောင်းတဲ့ အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ ဈေးဆိုင်ခန်းတွေလည်း ပျက်စီးသွားတယ်လို့ အင်းတော်ဒေသခံတွေဆီက သိရပါတယ်။

ကသာမြို့အတွင်း ၁၀ ရက်လောက်ဖြတ်ထားတဲ့ လျှပ်စီးမီးဟာ ဒီကနေ့မနက် ပြန်လည်ရရှိပြီဖြစ်ပေမဲ့ မန္တလေး- စစ်ကိုင်းလမ်းမကြီးကိုတော့ ပိတ်ထားဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here