နိုဝင်ဘာ၊၂၁
စက်သုံးဆီကား အဝင်မရှိတာကြောင့် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသက စက်သုံးဆီပန့်ဆိုင်ကြီးတွေ အများစုပိတ်ထားပြီး စက်သုံးဆီရရှိဖို့ ခက်ခဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အင်းတော်ကြီးဒေသမှာ နိုဝင်ဘာလ ၁၉ ရက်နေ့လောက်ကနေ စက်သုံးဆီရရှိဖို့ ခက်ခဲလာတာဖြစ်ပြီးတော့ တစ်ဂါလံနှစ်သောင်းလောက်ပေးပြီး ဝယ်ယူရတယ်လို့ အင်းတော်ကြီးဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“အခု ကုန်ပစ္စည်းသယ်တဲ့ လိုင်းကားတွေမရှိလာဘူး။ ပြီးတော့ ဆီရောင်းတာလည်း မရှိလာဘူး။ နှစ်သောင်းတောင်မှ ရောင်းတာမရှိတော့ဘူး ဒီမှာ။ အခုပန့်ဆိုင်ကြီးတွေလည်း အားလုံးပိတ်ထားတယ်။ ”
စက်သုံးဆီဝယ်ယူရရှိတဲ့ ဈေးနှုန်းတွေလည်း နေရာဒေသအလိုက် နဂိုဈေးထက် မြင့်တက်မှုတွေ ရှိသလို စက်သုံးဆီ ရောင်းချတဲ့ဆိုင်တွေ လျော့နည်းလာတာကြောင့် ဝယ်ယူဖို့ခက်ခဲနေတာလို့ ဆိုပါတယ်။
စက်သုံးဆီ ပန့်ဆိုင်ကြီးတွေ ပိတ်ပင်ထားတဲ့အတွက် ပြင်ပမှာ လက်လီရောင်းချတဲ့သူတွေဆီက ဝယ်ယူနေရတာ သုံးရက်လောက်ရှိလာပြီလို့ နောက်ထပ် အင်းတော်ကြီးဒေသခံတစ်ဦးကလည်း အခုလိုပြောပါတယ်။
” တချို့မှာတော့ လုံးဝကိုမရှိတော့တာ။ ပန့်ဆိုင်တွေမှာတော့ မရောင်းပေးတော့ဘူး။ အပိုယူထားတဲ့သူတွေ ပုံးနဲ့ချင့်ရောင်းတဲ့သူတွေ နည်းနည်းစီခွဲပေးတာ။”
ခဏတဖြုတ် ဖွင့်လှစ်တဲ့ ပန့်ဆိုင်ကြီးတွေရှိပေမဲ့ အကန့်အသတ်နဲ့သာ အချိန်ပိုင်းဖွင့်လှစ် ရောင်းချပေးတာဖြစ်တယ်လို့လည်း သိရပါတယ်။
တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသဘက် သွားလာတဲ့ လမ်းမကြီးတွေ ပိတ်နေပြီး စက်သုံးဆီကားတွေအပြင် ကုန်ကားတွေလည်း မဝင်တဲ့အတွက် အင်းတော်ကြီးဒေသနဲ့ မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်က မြို့နယ်တော်တော်များများမှာ စက်သုံးဆီကို အကန့်အသတ်နဲ့ပဲရရှိနေတဲ့အပြင် ကုန်ဈေးနှုန်းမြင့်တက်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။
ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။







