လွှစင်ကုန်းကျေးရွာက စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်စခန်း သုံးခုကို PDF တိုက်ခိုက်သိမ်းပိုက်

322
ဓါတ်ပုံ- လွှစင်ကုန်းကျေးရွာသို့ စစ်ကောင်စီမှ လေကြောင်းဖြင့် ပစ်ခတ်စဉ် မပေါက်ကွဲဘဲ ကျန်နေခဲ့သည့် ဗုံးသီး။

 

နိုဝင်ဘာ၊ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊လွှစင်ကုန်းကျေးရွာက စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်စခန်း အားလုံးကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကနေ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ အပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ သိရပါတယ်။

လွှစင်ကုန်းကျေးရွာမှာ စစ်ကောင်စီတပ်၊ SNA ပူးပေါင်းတပ်စခန်း သုံးခုရှိပြီး နိုဝင်ဘာလ ၈ ရက်နေ့ကတည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စခန်းသိမ်း စစ်ဆင်ရေး စတင်ခဲ့ပြီးတဲ့နောက် လွှစင်ကုန်း တောင်အောက်က စခန်းနှစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး မနေ့က နိုဝင်ဘာလ ၂၂ ရက်နေ့မှာတော့ တောင်ပေါ် ဗျူဟာကုန်းအကြီးကိုပါ တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့တာဖြစ်တယ်လို့ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“လွှစင်ကုန်းက သုံးနေရာရှိတယ်။ ဟိုတစ်နေ့က နှစ်နေရာ သိမ်းတယ်။ အခု မနေ့က ပြန်သိမ်းတဲ့ဟာက အပေါ်ဆုံးကုန်း စစ်ကောင်စီနဲ့ SNA ပူးပေါင်းစခန်းကို သိမ်းလိုက်တာ”လို့ ဒေသခံက ဆိုပါတယ်။

ဒါ့အပြင် မနေ့က စခန်းသိမ်းတိုက်ပွဲအပြီး တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ ကွာဝေးတဲ့ ရွှေပြည်အေးနဲ့ လွင်ကြီးရွာကိုပါ စစ်ကောင်စီကနေ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် လေယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ပါ ပစ်ခတ်မှုတွေ ရှိခဲ့ပြီး ထိခိုက်မှုအခြေအနေကိုတော့ မသိရှိရဘူးလို့ ဆိုပါတယ်။

အထက်ပါ စခန်းသိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေဖြစ်တဲ့ ခန္တီးတပ်ရင်း ၁ ၊ ဗိုလ်မိုးကြိုးတပ်၊ ဦးရှမ်းကြီးတပ်ဖွဲ့နဲ့ ၁၂၄ တပ်ရင်းတို့ကနေ ပူးပေါင်းစစ်ဆင်ရေး လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်တွေဟာ တိုက်ပွဲမဖြစ်ချိန်က အင်အား ၈၀ လောက်ရှိတဲ့နေရာမှာ အင်အား ၂၀၀ လောက်ထိ ဖြည့်တင်းထားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လွှစင်ကုန်းကျေးရွာတဝိုက်က ဒေသခံတွေလည်း စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်ဘက်က အင်အားဖြည့်တင်းလာကတည်းက နီးစပ်ရာကို တိမ်းရှောင်နေကြတာလည်း ဖြစ်ပါတယ်။

လွှစင်ကုန်း စစ်ကောင်စီပူးပေါင်းတပ်စခန်း စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှု အခြေအနေတွေကိုတော့ ဖုန်းလိုင်းအဆက်အသွယ်ကြောင့် အသေးစိတ်မသိရှိရသေးဘူးလို့ ဒေသခံက ဆိုပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here