လီဆူလူမျိုးများ စစ်မှုမထမ်းမနေရ ထုတ်ပြန်ပြီးနောက်ပိုင်း အယောက် ၃၀၀ စာရင်းပေးသွင်းပြီး စစ်သင်တန်းပေးနေ၊ မျိုးချစ်မဟုတ်တဲ့ ကန့်ကွက်သူတွေကို ဂရုစိုက်နေမှာ မဟုတ်ကြောင်း ဦးရွှေမင်းပြော။

388

 

နိုဝင်ဘာ၊၂၃

လီဆူလူမျိုးတစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရဆိုပြီး လီဆူပြည်သူ့စစ်အဖွဲ့က အောက်တိုဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်အတိုင်း လီဆူလူမျိုးအယောက် ၃၀၀ စာရင်းပေးသွင်းပြီး စစ်သင်တန်းပေးနေပြီဖြစ်တယ်လို့ လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း(ခ) ဆီဖာလာလူးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

အခုစစ်သင်တန်းတက်နေတဲ့ အယောက် ၃၀၀ အပြင် ဒီလအတွင်း အယောက် ၃,၀၀၀ ပြည့်မီအောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း၊ မလုပ်ချင်လို့ ထွက်ပြေးကြသူတွေနဲ့ ကန့်ကွက်သူတွေရှိရင်တောင် ဆက်လက်လုပ်ဆောင်မှာဖြစ်ကြောင်း ဦးရွှေမင်းက မြစ်ကြီးနားသတင်းဂျာနယ်ကိုပြောပါတယ်။

“ဒါကတော့ လူထုရဲ့ ဒဏ်ခတ်ခြင်းကိုတော့ ခံရမှာပေါ့ဗျာ။ သူတို့ ထွက်ပြေးရင်ပြေးပေါ့ဗျာ။ ကျွန်တော်တို့က ဒါကိုယ့်ရဲ့ အမျိုးသားရေးကို လုပ်ဆောင်ဖို့ဆိုပြီးတော့ ရပ်မိရပ်ဖတွေအားလုံး၊ လူထုတွေရဲ့ သဘောတူညီချက်နဲ့ လုပ်တာဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ ဒါဆက်လုပ်နေမှာပဲဖြစ်တယ်။” လို့ ဦးရွှေမင်းက ဆိုပါတယ်။

တစ်အိမ်တစ်ယောက် စစ်သားလုပ်ဆောင်ရမယ်ဆိုတဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့ (နိုဝင်ဘာလ ၉ ရက်နေ့မှ ၂၂ ရက်နေ့အတွင်း) အတိုင်း ဝင်ရောက်လာတဲ့ အယောက် ၃၀၀ ဟာနီးစပ်ရာ လီဆူပြည်သူ့စစ်အဖွဲ့တွေဆီ စာရင်းပေးသွင်းပြီးတော့ ရှိရောက်လာကြသူတွေဖြစ်ကြောင်း သိရပါတယ်။

သတ်မှတ်ရက်အတွင်း စာရင်းပေးသွင်းတာမရှိတဲ့ လီဆူလူမျိုးတွေကို ဒီကနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ကစပြီး လီဆူလူမျိုးမိသားစုနေအိမ်အထိသွားရောက် ခေါ်ဆောင်တာတွေကို ညွှန်ကြားချက်အတိုင်း တာဝန်ရှိလူတွေက ဆက်လက်လုပ်ဆောင်သွားကြမှာ ဖြစ်တယ်လို့လည်း ဦးရွှေမင်းက ဆက်လက်ပြောပါတယ်။

လီဆူလူမျိုးအိမ်ထောင်စုတိုင်း တစ်အိမ်တစ်ယောက် စစ်သားမလုပ်မနေရဆိုတဲ့ ထုတ်ပြန်ချက်ကို လက်မခံနိုင်တဲ့ နိုင်ငံခြားရောက်လီဆူလူမျိုးအချို့နဲ့ နိုင်ငံအတွင်းမှာရှိတဲ့ လီဆူလူမျိုးအချို့ နဲ့ပတ်သက်ပြီးလည်း ဦးရွှေမင်းက သူ့ရဲ့သဘောထားကို အခုလိုဆက်လက်ပြောပါတယ်။

“ကန့်ကွက်တဲ့သူကတော့ ရှိမှာပဲ။ သူကတော့ မျိုးချစ်တဲ့လူ မဟုတ်လို့ကတော့ ကန့်ကွက်မှာပဲ။ ဒါတွေကို ကျွန်တော်တို့က ဂရုစိုက်နေမှာ မဟုတ်ပါဘူး။ အမျိုးသားရေးဆိုတာတော့ ကိုယ့်ရဲ့ လူမျိုးတိုင်းက တာဝန်ရှိတဲ့အတွက် ကန့်ကွက်တာက KIA ရဲ့ ပေးစာ၊ ကမ်းစာကို စားရတဲ့လူ။ အထောက်အပံ့လေးတွေကို ယူထားလို့ ဒီလူတွေတော့ ဖြစ်ကောင်း ဖြစ်လိမ့်မယ်ဗျာ။ ဒါပေမဲ့ KIA ရဲ့ အထောက်အပံ့ မယူထားတဲ့ လူကတော့ ၉၉ ရာခိုင်နှုန်းကတော့ အမျိုးသား၊ မျိုးချစ်စိတ်တွေ ရှိကြတဲ့ သူတွေချည်းပါပဲ။”လို့ ဦးရွှေမင်းက ဆိုပါတယ်။

လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းဟာ ၂၀၂၀ ခုနှစ်ကလီဆူတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဝင်ရောက်ယဉ်ပြိုင်ခဲ့ရာ လီဆူလူထုရဲ့ ဆန္ဒမဲ ၅၀ ဒဿမ ၈၁ ရာခိုင်နှုန်းနဲ့ လီဆူတိုင်းရင်းသားဝန်ကြီး နေရာကို အနိုင်ရရှိထားသူဖြစ်ပါတယ်။

အဲဒီအချက်ကို အခြေခံခြင်းအားဖြင့် လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းဟာ သူ့အနေနဲ့လီဆူအမျိုးသားအားလုံးရဲ့ ကိုယ်စားပြုပိုင်ခွင့်ရှိကြောင်း ဆိုပါတယ်။

လီဆူလူမျိုးတွေအနေနဲ့ မိမိရဲ့အသွေးအသားက ဦးဆောင်တဲ့အဖွဲ့ဖြစ်တဲ့အတွက် မိမိရဲ့ အသွေးအသားကို သွေးသားအချင်းချင်းက ဒုက္ခရောက်အောင် ပြုလုပ်မှာမဟုတ်တာကြောင့် မစိုးရိမ်ကြဖို့ကိုလည်း ဆိုပါတယ်။

” ကိုယ့်အသွေး၊ အသားကို ဘယ်သူမှ မနှိပ်စက်ဘူး။ ဘယ်သူမှ ဒုက္ခမပေးဘူး။ အဲဒါလီဆူတိုင်း သဘောပေါက်သင့်တယ်။ ကျန်တဲ့သူတွေလည်း သဘောပေါက်သင့်တယ်။”လို့ ဆိုပါတယ်။

အခုချိန်မှာ ကိုယ့်လူမျိုးကို ဒုက္ခပေးနေကြတဲ့ လူမျိုးခြားအဖွဲ့အစည်းတွေကို ပြန်လည်တွန်းလှန်ဖို့နဲ့ ခုခံနိုင်ဖို့ လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တစ်ခုသာ ဖြစ်တဲ့အတွက် အားလုံးသဘောပေါက် နားလည်စေလိုကြောင်းလည်း ဦးရွှေမင်းက ပြောဆိုထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here