နိုဝင်ဘာ၊ ၂၉
ချင်းပြည်နယ်၊ ရေဇွာမြို့ကို ဒီနေ့မနက် ၁၀ နာရီမှာ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ပြီလို့ CDF – Zotung က ထုတ်ပြန်လိုက်ပါတယ်။
ZZLMS Operation နာမည်နဲ့ ချင်းပြည်နယ်၊ ဇိုတုန်ဒေသက ရေဇွာမြို့ကို နိုဝင်ဘာလ ၂၆ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အသေးစိတ်ကိုတော့ ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
အဲဒီ မြို့သိမ်းတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်သား ၄ ယောက်သေပြီး ၂၅ ယောက်ကို ဖမ်းမိခဲ့တယ်လို့ CNA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ ကျန်တဲ့သူတွေကို ဆက်ရှာနေတုန်းလို့ သူကဆိုပါတယ်။
ဒါ့အပြင်စစ်ကောင်စီဘက်က လက်နက်ခဲယမ်းအားလုံးကို သိမ်းဆည်းနိုင်ခဲ့ပေမဲ့ အသေးစိတ်ကိုတော့ မဖြေကြားခဲ့ပါဘူး။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာလည်း မပြီးသေးဘူးလို့ သိရပါတယ်။
ဒီနေ့မနက်ပိုင်းကလည်း တိုက်ပွဲဖြစ်ပွားနေတဲ့အချိန် ရေဇွာမြို့ဘက်ကို စစ်ကောင်စီရဲ့ လေယာဉ်တွေပျံသန်းသွားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ရေဇွာမြို့ဟာ မတူပီခရိုင်ထဲမှာရှိပြီး ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ လူဦးရေ ၁၀,၀၀၀ ကျော်ရှိတဲ့ မြို့လည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့ကလည်း မတူပီခရိုင်ထဲမှာရှိတဲ့ လိုင်လင်းပီမြို့ကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးကိုဖော်ဆောင်နေပြီလို့ CNA က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၁၃ ရက်နေ့ကတုန်းကလည်း ချင်းပြည်နယ်၊ မြန်မာ-အိန္ဒိယနယ်စပ်မှာရှိတဲ့ ရိဒ်ခေါဒါရ်မြို့ကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ခဲ့ပါသေးတယ်။







