နိုဝင်ဘာ၊၃၀
ကုန်ဈေးနှုန်းတွေ ကြီးမြင့်ပြီး စက်သုံးဆီရရှိမှု အခက်အခဲတွေကြောင့် မြစ်ကြီးနား-ပူတာအိုလမ်းပေါ်မှာ နှစ်ဖက်လက်နက်ကိုင်တွေ ကောက်ခံနေတဲ့ ဂိတ်ကြေးတွေကို လျော့ပေါ့ပေးစေချင်တယ်လို့ ကားသမားတွေက တောင်းဆိုကြပါတယ်။
လတ်တလောမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ ဂိတ်ကြေးကောက်ခံမှု တိုးမြင့်လာတဲ့အတွက် ကားသမားအချို့ ရပ်နားရတဲ့အခြေအနေ ဖြစ်လာတယ်လို့လည်း ဆိုပါတယ်။
ကားသမားတွေအနေနဲ့ အိမ်စီးကား၊ ကုန်ကားတွေအတွက် တစ်နှစ်စာကားကြေး နှစ်သိန်းကနေ လေးသိန်းကျော်အထိ ပေးဆောင်နေရပြီး လက်ရှိအချိန်မှာတော့ မြစ်ကြီးနား-ပူတာအိုလမ်းပေါ် တစ်နေရာမှာ KIA ကနေ ဂိတ်အထိုင်တစ်ခုချပြီး တစ်နှစ်စာအခွန်ကြေးအပြင် ကုန်ပစ္စည်းပေါ်မူတည်ပြီး ကားသမားတွေကို ပိုက်ဆံကောက်ခံနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ကားသမားတစ်ဦးရဲ့ ပြောပြချက်အရ ပူတာအိုမြို့အတက်ကို အဲဒီဂိတ်မှာ ကုန်ပစ္စည်းပေါ်မူတည်ပြီး ငါးသောင်းလောက်အထိ ပေးဆောင်တာတွေရှိတဲ့အတွက် လက်ရှိ ဓာတ်ဆီဈေးမြင့်တက်မှုတွေကြောင့်ပါ ကားသမားတွေအနေနဲ့ အဆင်မပြေ ဖြစ်နေရတယ်လို့ သိရပါတယ်။
“ကားသမားတွေ ခက်နေတာက ဓာတ်ဆီဈေးက တက်၊ လိုသလောက်လည်း ဝယ်လို့မရ။ ကားလမ်းတွေမှာ ခုလိုပိုက်ဆံပြန်ကောက်တော့ အရမ်းဒုက္ခရောက်ရတယ်”လို့ အထက်ပါ ကားသမားက ပြောပါတယ်။
ဒါ့အပြင် မြစ်ကြီးနား-ပူတာအိုလမ်းတစ်လျှောက် KIA တပ်စခန်းအထိုင်တစ်ခုသာမက တောဘက်ကနေထွက်လာပြီး ရှောင်တခင်ကောက်ခံလေ့ရှိတဲ့ နေရာနှစ်နေရာပါ ရှိသေးတယ်လို့ ကားသမားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဂိတ်ကြေးတွေ တိုးမြင့်ပေးဆောင်နေရတဲ့အတွက် ယာဉ်စီးခကို အရင်က ခြောက်သောင်းလောက်ကနေ လက်ရှိအချိန်မှာတော့ ၇သောင်း၊ ၈သောင်း(ကားခေါင်းခန်း)အထိ တိုးမြင့်သတ်မှတ်လိုက်ပေမဲ့ စက်သုံးဆီ လိုသလောက် ဝယ်မရတဲ့ အခက်အခဲတွေကြောင့်ပါ ကားသမားအချို့ ရပ်နားလာကြပြီလို့လည်း အထက်ပါ ကားသမားက ဆက်လက်ပြောပါတယ်။
“လောလောဆယ်တော့ နားရတော့မယ်။ ဂိတ်ကြေးကောက်တာ လျှော့ခိုင်းစေချင်တယ်။ ဓာတ်ဆီဈေးက လျှော့ခိုင်းလို့ကမရဘူး“လို့ ဆိုပါတယ်။
အခုလို KIAကနေ အထိုင်ဂိတ်စခန်းလုပ်ပြီး ငွေကြေးတိုးမြင့်ကောက်ခံလာတာဟာ တစ်ပတ်ကျော်လောက် ရှိနေပြီလို့လည်း ကြားသိရပါတယ်။
မနှစ်က တစ်နှစ်စာအတွက် အခွန်ကြေး ကားသမားအတွက် ၆ သောင်း၊ ကားအတွက် ၃သိန်း ပေးဆောင်ရပြီး အခုနှစ်မှာတော့ တစ်နှစ်စာ အားလုံးပေါင်း လေးသိန်းတစ်သောင်း ပေးဆောင်ရတဲ့အပြင် ဂိတ်ကြေးသီးသန့်ပါ ထပ်မံကောက်ခံတာလို့ နောက်ထပ်ကားသမားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
“မနှစ်တုန်းက သက်တမ်းတောင် မကုန်သေးဘူး။ အခုက အသစ်ဟုတ်ပြီလို့ ပြောလာတယ်။ အထက်က ညွှန်ကြားချက်နဲ့ ဆိုပြီး။ ကျန်တဲ့လေးလက အလကားဖြစ်ကုန်ပြီလေ”လို့ ကားသမားက ပြောပါတယ်။
အထက်ပါ ကိစ္စနဲ့ ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို မေးမြန်းရာမှာတော့ KIA တပ်မဟာ(၁)နယ်မြေရဲ့ သတ်မှတ်ချက်သာ ဖြစ်နိုင်တယ်လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
ဒါ့အပြင် ကဝါးခ၊ မြစ်ဆုံ၊ ဆွမ်ပရာဘွမ်၊ ဆွမ်ပီယန်၊ မူလာရှီးဒီး အစရှိတဲ့ မြစ်ကြီးနား-ပူသွားအိုသွားလမ်းတစ်လျှောက်က စစ်ကောင်စီတပ်စခန်းဂိတ်တွေမှာပါ ကားသမားတွေအနေနဲ့ တစ်ဂိတ်ကို ဂိတ်ကြေးအနည်းဆုံး တစ်ထောင်ကျပ်နှုန်းနဲ့ ပေးဆောင်နေရတယ်လို့လည်း သိရပါတယ်။







