လီဆူလူမျိုး တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရဆိုတဲ့ ဦးရွှေမင်းရဲ့ ထုတ်ပြန်စာကို ရုတ်သိမ်းပေးဖို့ ဝိုင်းမော်မြို့နေ လီဆူလူငယ်အချို့တောင်းဆို

312

 

ဒီဇင်ဘာ၊ ၅

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ လီဆူလူမျိုး တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရဆိုတဲ့ လီဆူပြည်သူ့စစ်ခေါင်းဆောင်ဦးရွှေမင်းရဲ့ ထုတ်ပြန်စာကို ရုတ်သိမ်းပေးဖို့အတွက် ဝိုင်းမော်မြို့နေ လီဆူလူငယ်အချို့က တောင်းဆိုနေကြပါတယ်။

တစ်အိမ်တစ်ယောက်မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ အချက်ကိုရုတ်သိမ်းပြီး စစ်မှုထမ်းချင်တဲ့သူတွေကိုပဲ ခေါ်ယူတာမျိုးကို လုပ်စေလိုကြောင်း လီဆူလူငယ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“ကျွန်တော်တို့လီဆူလူငယ်တွေ အခုအိမ်မှာ နေလို့မရတော့ဘူးပေါ့နော်။ လုပ်ချင်တဲ့သူတွေ လုပ်ပါစေ။ အတင်းအဓ္ဓမကတော့ ကျွန်တော်တို့ကို မလုပ်ခိုင်းနဲ့ပေါ့။”လို့ ဆိုပါတယ်။

အဓိကအနေနဲ့ ဝိုင်းမော်မြို့နယ်အတွင်းက လီဆူလူငယ်တွေ လုံးဝကိုမလုပ်ချင်တဲ့အရာကို အတင်းအဓမ္မ လုပ်ခိုင်းတဲ့အချက်အား ကန့်ကွက်လိုတဲ့အပြင် ဦးရွှေမင်းအနေနဲ့ ပြည်သူ့စစ်လုပ်တာဟာ လီဆူလူမျိုးရဲ့ နာမည်ကိုတပ်ပြီး မလုပ်ပေးဖို့ကိုလည်း တောင်းဆိုချင်တယ်လို့ အထက်ပါလီဆူလူငယ်က ဆက်လက်ပြောပါတယ်။

ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့တွေဟာ လီဆူလူမျိုးနေအိမ်တွေမှာ ဝင်ရောက်ပြီး လူငယ်တွေကို ခေါ်ဆောင်နေတဲ့အတွက် တိမ်းရှောင်နေကြရပြီး ရွာထဲမှာ မရှိကြတော့ဘူးလို့ နောက်ထပ် လီဆူလူငယ်တစ်ဦးကလည်း အခုလိုပြောပါတယ်။

“တစ်အိမ်တစ်ယောက်မလုပ်မနေရ ပြောပြီးမှ သူကမလုပ်ချင်တဲ့သူတွေကို အတင်းအဓမ္မ လိုက်ဆွဲတယ်။ အခုလူငယ်တွေက အသင်းတော်တွေမှာ ရွာတွေမှာ မရှိတော့ဘူး။”လို့ဆိုပါတယ်။

လီဆူပြည်သူ့စစ်ခေါင်းဆောင်ဦးရွှေမင်း(ခ) ဆီဖာလာလူးက လီဆူအမျိုးသားအားလုံးရဲ့ စည်းဝေးဆုံးဖြတ်ချက်အရ သူအနေနဲ့ လီဆူလူမျိုးကိုယ်စားပြုပြီး အောက်တိုဘာလ ၃၀ ရက်နေ့မှာ လီဆူလူမျိုးတိုင်း တစ်အိမ်တစ်ယောက် စစ်သားမလုပ်မနေရဆိုပြီး ထုတ်ပြန်ချက်ကို ထုတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီထုတ်ပြန်ချက် ထုတ်တဲ့အချိန်ကစပြီး ဝိုင်းမော်မြို့နယ်အတွင်းမှာရှိတဲ့ လူငယ်တွေအများပိုင်းဟာ မိမိနေအိမ်မှာ မနေရဲတဲ့အတွက် အခုအချိန်မှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အခက်အခဲတွေကြုံနေကြရတယ်လို့လည်း ဆိုပါတယ်။

တချို့ကလေးငယ်ရှိတဲ့ မိသားစုတွေကတော့ ထွက်မပြေးနိုင်ကြတဲ့အတွက် ဆန္ဒမပါဘဲ မလုပ်ချင်တဲ့ အလုပ်တွေကို သွားရောက်လုပ်ကိုင်နေကြရတယ်လို့လည်း လီဆူလူငယ်တွေက ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဝိုင်းမော်မြို့က လီဆူလူငယ်တစ်စုဟာ သူတို့ရဲ့ ခံစားချက်တွေကို ဒီဇင်ဘာလ ၃ ရက်နေ့က အခုလိုထုတ်ဖော်ခဲ့ပါတယ်။

  • လီဆူလူငယ်များအား အတင်းအဓမ္မ တပ်သားစုဆောင်းမှုရပ်တန်းကရပ်ပါ။
  • ကျွန်တော်တို့ လီဆူလူငယ်တွေရဲ့ အနာဂါတ်ကို မသတ်ပါနဲ့။
  • အတင်းအဓမ္မခေါ်ဆောင်ခြင်းခံရတဲ့ လူငယ်တွေကို ပြန်လွှတ်ပေးပါ။
  • လီဆူအမျိုးသား စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့မှ လူကြီးတွေ လူငယ်တွေရဲ့ အနာဂတ်ကို လျစ်လျှူရှုမထားပါနဲ့/ အသံတိတ် မနေပါနဲ့။
  • ဘာသာရေးခေါင်းဆောင် အဖွဲ့အစည်းတွေအနေနဲ့လည်း ဓမ္မဘက်က ရပ်တည်ပါ။
  • မြန်မာနိုင်ငံအတွင်းနေထိုင်ကြတဲ့ လီဆူညီအစ်ကိုတွေနဲ့ နိုင်ငံခြားရောက်လီဆူလူမျိုးတွေအနေနဲ့ ရွှေမင်းရဲ့ လုပ်ရပ်ကို ရပ်တန့်နိုင်ဖို့ ကူညီဆောင်ရွက်ပေးပါဆိုပြီး လီဆူစာဘာသာ၊ မြန်မာဘာသာနှစ်မျိုးရေးပြီးတော့ ထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့မှာလည်း ဩစတေးလျနိုင်ငံရောက် လီဆူလူမျိုးတွေက ” ဦးရွှေမင်းနှင့် သူ၏ ပြည်သူ့စစ်များသည် ကိုယ်ကျိုးစီးပွားအတွက် စစ်ကောင်စီနှင့်ပူးပေါင်း၍ လီဆူလူမျိုးများအား တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရဟုဆိုကာ အဓမ္မ စစ်သားစုဆောင်နေခြင်းအား Lisu Association Australia မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် ကမ္ဘာအရပ်ရပ်မှ ဖက်ဒရယ်ဒီမိုကရေစီလိုလားသော လီဆူအဖွဲ့အစည်းများနှင့် ဆက်လက်လက်တွဲ၍ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၂၅ ရက်နေ့ကလည်း ” စစ်ကောင်စီရဲ့ လက်ပါးစေ ဦးရွှေမင်းနှင့် စစ်ကောင်စီမှ မြန်မာနိုင်ငံရှိ လီဆူလူမျိုးများအား တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရဟုဆို၍ အဓမ္မ တပ်သားစုဆောင်ခြင်းလုပ်ရပ်အား Lisu American Association မှ လုံးဝ ကန့်ကွက်ရှုတ်ချပါတယ်” ဆိုပြီးတော့လည်း အမေရိကရောက်နေတဲ့ လီဆူလူမျိုးတွေရဲ့ သဘောထားကို ထုတ်ပြန်ခဲ့ပါတယ်။

စစ်မှုမထမ်းမနေရ ထုတ်ပြန်ပြီးတဲ့နောက် နိုဝင်ဘာလ ၂၃ ရက်နေ့အထိ စုဆောင်းထားတဲ့ လီဆူလူမျိုး အယောက် ၃၀၀ ကို သင်တန်းပေးနေပြီဖြစ်တယ်လို့လည်း ဦးရွှေမင်းက မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားထားပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here