ဒီဇင်ဘာ၊ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့အတွင်းမှာ နိုဝင်ဘာတစ်လအတွင်း CDM ဝင်ရောက်လာသူ ဝန်ထမ်း အယောက် ၁၀၂ ယောက်ရှိပြီလို့ Indaw Revolution- IR က သိရပါတယ်။
အောက်တိုဘာလ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေးစတင်လိုက်တဲ့နောက်ပိုင်း စစ်ကိုင်းတိုင်းဘက်မှာလည်း ကောလင်းမြို့သိမ်းတိုက်ပွဲတွေ စတင်ခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဆီ အလင်းဝင်ရောက်လာကြတဲ့ Non-CDM ဝန်ထမ်းတွေများတယ်လို့ Indaw Revolution- IR ကတာဝန်ရှိသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လုပ်တဲ့ မြို့သိမ်းတိုက်ပွဲအခြေအနေပြီးတဲ့ နောက်ပိုင်းမှာ ဝင်လာကြတာပေါ့။ စစ်ကောင်စီဘက်လည်း အခြေအနေမမှန်တော့ဘူးဆိုတာ သိတယ်ပေါ့နော်။ အဲအခြေအနေကြောင့် အများကြီး ဝင်လာကြတာပေါ့။”လို့ ဆိုပါတယ်။
အလင်းဝင်လာကြသူတွေဟာ စစ်အုပ်ချုပ်ရေးလက်အောက်မှာ အလုပ်လုပ်တဲ့ သာမန်Non-CDM ဝန်ထမ်းတွေဖြစ်ပြီး လက်နက်ကိုင်ဝန်ထမ်းတွေ မပါသေးဘူးလို့လည်း ဆက်လက်ပြောပါတယ်။
CDM ဝင်လာသူတွေကို စစ်ကောင်စီနဲ့ နောက်ထပ် မပတ်သက်ဘူးဆိုတဲ့ ဝန်ခံကတိလက်မှတ် ထိုးခိုင်းပြီးတော့ လွတ်လပ်စွာနေထိုင်သွားလာခွင့် ပြုထားတယ်လို့လည်း ဆိုပါတယ်။
အလင်းဝင်ရောက်လာတဲ့ ဌာနဆိုင်ရာရုံးဝန်ထမ်းတွေထဲမှာ ပညာရေးဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်ထမ်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနရုံးဝန်ထမ်းတွေနဲ့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးဝန်ထမ်းတွေ ပါဝင်တယ်လို့ သိရပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝှမ်းလုံးက Non-CDM ဝန်ထမ်းတွေ ဘယ်သူမဆို အမျိုးသားညီညွတ်ရေးအစိုးရထံ အလင်းဝင်လိုရင် မိမိတို့ ရောက်ရှိရာမြို့နယ်ရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှာ ဆက်သွယ်အလင်းဝင်နိုင်တယ်လို့လည်း NUG က ထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်မှာ အကျုံးဝင်တဲ့ Non-CDM ဝန်ထမ်းတွေကတော့ ၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်နေ့ နောက်ပိုင်းကစပြီး CDM ဝင်လာတဲ့ ဝန်ထမ်းတွေ၊ အရင်အလင်းဝင်ထားတဲ့ Non-CDM ဝန်ထမ်းတွေ၊ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့နောက်ပိုင်း နုတ်ထွက်ဝန်ထမ်းတွေ၊ ဌာနကင်းကွာဝန်ထမ်းတွေ၊ သက်ပြည့်၊ လုပ်သက်ပြည့်နဲ့ နာမကျန်း ပင်စင်ယူထားတဲ့ ဝန်ထမ်းတွေ၊ အာဏာသိမ်းကာလအတွင်း အကြမ်းဖက်စစ်ကောင်စီက တရားမဝင်ခန့်အပ်ခဲ့တဲ့ ဝန်ထမ်းတွေဖြစ်တယ်လို့ NUG ကကြေညာထားတာပါ။
ဒါ့အပြင် လာမယ့် ဒီဇင်ဘာလ ၂၇ ရက်နေ့ အထိ အလင်းဝင်ရောက်လာခြင်းမရှိတဲ့ Non-CDM ဝန်ထမ်းတွေကို တည်ဆဲဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူ၊ အပြစ်ပေးသွားမှာဖြစ်တဲ့အတွက် ပြည်သူလူထုဘက်က ရပ်တည်ပြီး အလင်းဝင်ရောက်လာဖို့ ပြင်းထန်စွာ သတိပေးလိုက်တယ်လို့ ထုတ်ပြန်ကြေညာထားပါသေးတယ်။
အလင်းဝင်ရောက်မယ့် ဝန်ထမ်းတွေဟာ အစိုးရဌာနဆိုင်ရာ ဒါမှမဟုတ် ဒေသဆိုင်ရာ အာဏာပိုင်တို့က ပိုင်ဆိုင်တဲ့ ဒါမှမဟုတ် သူတို့ကို လွှဲအပ်ထားတဲ့ ဒါမှမဟုတ် အသုံးပြုဖို့ ကြံရွယ်ထားတဲ့ သိုလှောင်ပစ္စည်း ဒါမှမဟုတ် ပစ္စည်းကိရိယာတန်ဆာပလာ ဒါမှမဟုတ် အခြားပစ္စည်းတွေကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ စနစ်တကျ အပ်နှံဖို့ ကြိုတင်ပြင်ဆင်တာလည်း ဆောင်ရွက်ထားဖို့ ကိုလည်း NUG က အသိပေးထားပါတယ်။







