ဒီဇင်ဘာ၊ ၇
မိုးညှင်းမြို့၊ ဘီလူးမြို့ကျေးရွာမှာ စပါးရိတ်သိမ်းနေတဲ့အချိန် နိုဝင်ဘာလ
ကုန်ပိုင်းလောက်က ရွာတဲ့မိုးကြောင့် စပါးတွေမိုးမိသွားတဲ့အတွက် ဈေးလျော့ပြီး ရောင်းချနေရတယ်လို့ သိရပါတယ်။
စပါးတွေရောင်းတဲ့အချိန်မှာ တစ်တင်းကို ပုံမှန်ကျပ်တစ်သောင်းခွဲနဲ့ ရောင်းချနေရာကနေ ကျပ်တစ်သောင်းဝန်းကျင်းလောက်နဲ့ ကုန်သည်တွေကို ဈေးအနိမ့်၊ အမြင့် တိုင်ပင်ညှိနှိုင်းပြီး ရောင်းချခဲ့ရတာတွေ ရှိတယ်လို့ဘီလူးမြို့ကျေးရွာဒေသခံ တောင်သူတစ်ဦးက ပြောပါတယ်။
“ရောင်းတဲ့ နေရာမှာ ကုန်သည်နဲ့ နည်းနည်းပါးပါး၊ ဈေး အမြင့်၊ အနိမ့် နည်းနည်းပါးပါးညှိပြီးတော့ ရောင်းရတာပေါ့။ အဲဒီလိုပါပဲ။ အရှုံးကတော့များပါတယ်။ကိုယ့်လုပ်အားခပဲကျန်တယ်။” လို့အထက်ပါတောင်သူက ဆိုပါတယ်။
ဒါ့အပြင် စပါးရိတ်သိမ်းခြွေလှေ့စက် ငှားရမ်းခတွေကိုလည်း စပါးရိတ်သိမ်းပြီး နောက်ပိုင်းမှသာ ပေးနိုင်တယ်လို့လည်း သိရပါတယ်။
စပါးရိတ်သိမ်းခြွေလှေ့စက် ငှားရမ်းမယ်ဆိုရင် စပါးခင်းဧကပေါ်မှုတည်ပြီး တစ်ဧကကိုကျပ်တစ်သိန်းကနေ တစ်သိန်းခွဲဝန်းကျင်လောက်အထိ ပေးဆောင်ရတယ်လို့လည်း တောင်သူတွေက ဆိုပါတယ်။
စပါးအထွက်နှုန်းကတော့ မိမိရဲ့ စပါးခင်းတွေကို ပြုစုပေးနိုင်တဲ့ပေါ် မူတည်ပြီး တစ်ဧကကို တင်း ၉၀ နဲ့ ၁၀၀ ကြားထွက်ရှိတယ်လို့ သိရပါတယ်။
လက်ရှိအချိန် မိုးညှင်းမြို့နယ်တစ်ခုလုံးနီးပါးရှိ တောင်သူတွေဟာ ကုန်သည်တွေကို စပါးတစ်တင်းကို ကျပ်တစ်သောင်းခွဲလောက်အထိ အမြင့်ဆုံးဈေးနဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။
မိုးညှင်းမြို့နယ်ဟာ ကချင်ပြည်နယ်မှာ စပါးအများဆုံးထွက်ရှိရာ ဒေသတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး လယ်ဧက သိန်းနဲ့ချီပြီးရှိတယ်လို့ သိရပါတယ်။







