တပ်ရင်း ၁၀ ရင်းကို အုပ်ချုပ်ရတဲ့ စကခ ၁၂ မှူးအလောင်းကို MNDAA ရှာတွေ့၊ အလောင်းပို့ဖို့ ဆက်သွယ်ပေမဲ့ စစ်တပ်ဘက်က အကြောင်းမပြန်

368

 

ဒီဇင်ဘာ၊ ၇

စစ်ကောင်စီရဲ့ အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)မှူး ဗိုလ်မှူးချုပ်အောင်ဇော်လင်းကို အသေရှာတွေ့ခဲ့တယ်လို့ ကိုးကန့်တပ် (MNDAA) က ဒီနေ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီအကြွင်းအကျန်အဖွဲ့ဝင်များကို ဆက်လက်ရှင်းလင်းသုတ်သင်ရန် လုပ်ဆောင်နေချိန်တွင် ပစ်သတ်ခံရ၍ သေဆုံးသော စစ်ကောင်စီရုပ်အလောင်းတစ်လောင်းကို တွေ့ရှိပြီး ၎င်း‌‌‌ရုပ်အလောင်းပေါ်တွင် ဗိုလ်မှူးချုပ်ရာထူးတံဆိပ်ကို တွေ့ရှိကာ သေဆုံးသွားသူမှာ စကခ (၁၂) မှ စကခမှူး အောင်ဇော်လင်းဖြစ်သည်ဟု ပဏာမကောက်ချက်ချ အတည်ပြုပါသည် လို့ MNDAA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီစကခမှူးဟာ ကိုးကန့်ဒေသကို MNDAA က ထိုးစစ်ဆင်တဲ့အချိန် နိုဝင်ဘာလထဲမှာ တပ်ဖွဲ့ဝင်တွေနဲ့ ထွက်ပြေးသွားတဲ့သူဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မိမိတို့ဘက်မှ အောင်ဇော်လင်း၏အလောင်းကိုစကစထံပြန်ပို့သောဆန္ဒရှိပါသည်။ လက်ရှိသက်ဆိုင်ရာဌာနနှင့်ဆက်သွယ်သော်လည်းအကြောင်းပြန်ခြင်းမရှိသေးပါ လို့ ပြောရေးဆိုခွင့်ရှိသူက ပြောတဲ့အကြောင်းလည်း MNDAA က ရေးသားထားပါတယ်။

စကခ ၁၂ ဟာ ကရင်ပြည်နယ်၊ ကော့ကရိတ်အခြေစိုက်တပ်ဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းတုန်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့နယ်ထဲမှာရှိတဲ့ ပန်လုံဗျူဟာကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တက်သိမ်းချိန် တပ်မ ၉၉ ရဲ့ တပ်မမှူးဖြစ်သူ သေဆုံးခဲ့ပါသေးတယ်။

စကခ နဲ့ တပ်မတွေဟာ အင်အားတန်းတူလောက်ရှိတဲ့ တိုက်ခိုက်ရေးအဖွဲ့တွေဖြစ်ပြီး ၁ ခုချင်းစီရဲ့အောက်မှာ ဗျူဟာအဖွဲ့ ၃ ဖွဲ့နဲ့ တပ်ရင်း ၁၀ ရင်းစီရှိကြပါတယ်။ တစ်နိုင်လုံးငံလုံးအတိုင်းအတာမှာတော့ စကခ နဲ့ တပ်မ စုစုပေါင်း ၃၀ ရှိပါတယ်။

ဒါကြောင့် အခုအချိန်မှာ စကခနဲ့ တပ်မ ခေါင်းဆောင်အရာရှိ ၃၀ ထဲကနေ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂ ယောက်အထိ သေဆုံးမှုရှိလာတာလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here