ဒီဇင်ဘာ၊ ၈
ကချင်ပြည်နယ်၊ နမ္မတီး-လဝါးလမ်းပေါ်က မရန်ကထောင်ကျေးရွာမှာ ဒေသခံပြည်သူတွေ ကိုယ်ထူကိုယ်ထနဲ့ ဖွင့်လှစ်ထားတဲ့ အသင်းတော်အခြေပြုစာသင်ကျောင်း ပိတ်ထားတာ တစ်လပြည့်ပြီ ဖြစ်တဲ့အတွက် တက်ရောက်နေတဲ့ ကျောင်းသူ/သားတွေ ဒီနှစ် စာသင်နှစ်အတွက် အခက်တွေ့နေရတယ်လို့ သိရပါတယ်။
အဲဒီကျောင်းကို ရွာအတွင်း အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စစ်ဆေးမှု မကြာခဏပြုလုပ်တဲ့အပြင် ကျောင်းအနီးပတ်ဝန်းကျင်မှာပါ ကင်းလှည့်တာတွေ ပြုလုပ်လာတဲ့အတွက် နိုဝင်ဘာလ ၈ ရက်နေ့ကနေ လုံခြုံရေးအရ ပိတ်လိုက်ရတဲ့ သဘောရှိတယ်လို့ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
” ကျောင်းနဲ့ စစ်တပ်က လမ်းပဲခြားတာ။ ဆိုတော့ ခဏခဏ လာစစ်တော့ ကြောက်လာလို့ ကျောင်းပိတ်လိုက်ရတာနေမှာ။ အဝေးကလာတက်တဲ့ ကလေးတွေလည်း လမ်းတွေ ပိတ်သွားမှာစိုးတော့ ပြန်သွားကြတာ။ ဆရာ/မတွေလည်း စိုးရိမ်လို့ ပြန်သွားတာ”လို့ ဒေသခံကဆိုပါတယ်။
သင်ကြားပေးတဲ့ဆရာ/မတွေအနေနဲ့ ရွာအတွင်းကသာမက အဝေးကနေ လာရောက်သင်ကြားပေးသူတွေလည်း ရှိပြီး လက်ရှိအချိန်မှာတော့ လုံခြုံရေးအရ ပြန်သွားကြတာ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။
အထက်ပါ ကျောင်းမှာ အလယ်တန်းအဆင့်အထိ ဖွင့်လှစ်ထားပြီး မြန်မာစာ၊ အင်္ဂလိပ်စာ စတဲ့ဘာသာရပ်တွအပြင် ဘာသာရေးဆိုင်ရာ သမ္မကျမ်းစာ လေ့လာသင်ကြားမှုတွေ ဂီတနဲ့ ပတ်သက်တာတွေပါ သင်ကြားပေးနေတဲ့ ကျောင်းတစ်ကျောင်းလည်း ဖြစ်ပါတယ်။
မရန်ကထောင်ကျေးရွာနဲ့ ၂ မိုင် လောက်လောက်ဝေးတဲ့ ညောင်ကုန်း၊ လွယ်လီယန်၊ နမ်နောန် အစရှိတဲ့ ကျေးရွာတွေဘက်မှာ အလယ်တန်း၊ အထက်တန်း အစိုးရကျောင်းတွေ ရှိပေမဲ့ အဲဒီကျေးရွာတွေဘက် သွားတက်ရောက်ဖို့ အဆင်ပြေတဲ့အတွက် မရန်ကထောင်ရွာအတွင်းမှာပဲ ကလေးတွေ ပညာရေးအတွက် လက်လှမ်းမီသလောက် အသင်းတော်အခြေပြုကျောင်းကို ရပ်ရွာမိဘတွေကနေ ကိုယ်ထူကိုယ်ထစနစ်နဲ့ ၂၀၁၄ ခုနှစ်ကနေ စတင်စုဖွဲ့ ဖွင့်လှစ်ခဲ့ကြတာလို့ အထက်ပါ ဒေသခံက ဆက်လက်ပြောပါတယ်။
“မရန်ကထောင်က ရွာသစ်လည်း ဖြစ်တယ်။ ခက်ခဲတာတွေလည်းရှိတော့ အဝေးကို မတက်နိုင်တဲ့သူက ဒီမှာတက်ကြတာပေါ့။ ခုက တခြားရွာဘက်လည်း မတက်နိုင်၊ ဆိုင်ကယ်နဲ့ အကြို၊ အပို့လုပ်ဖို့လည်း မလွယ်ဘူး“လို့ ဒေသခံက ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ အထက်ပါကျောင်းကို ပိတ်လိုက်တဲ့အတွက် တခြားရွာတွေဘက်က အစိုးကျောင်းတွေဆီ ကျောင်းအပ်ဖို့ကလည်း စာသင်နှစ် တစ်ဝက်ကျော်လောက်ရှိနေပြီ ဖြစ်တဲ့အတွက်ကြောင့် ကလေးတွေပညာရေးနှောင့်နှေးမှုဖြစ်မှာကို ကျောင်းသားမိဘတွေ စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် အထက်ပါမရန်ကထောင်ကျောင်းမှာ ရွာအတွင်းက ကလေးတွေသာမက ကာမိုင်း၊ နောင်းမီ၊လိုမျိုး ရွာတွေဘက်က စိတ်ဝင်စားပြီး လာတက်တဲ့ ကျောင်းသူ/သား စုစုပေါင်း ၈၀ ကျော် ရှိတာလည်းဖြစ်ပါတယ်။
ကျောင်းပိတ်ပြီးတဲ့နောက်ပိုင်း နိုဝင်ဘာလ ၂၅ ရက်နေ့မှာတော့ မရန်ကထောင် စစ်ကောင်စီဂိတ်စခန်းမှာ ပစ်ခတ်သံတွေကြားရပြီးတဲ့နောက် ရွာအတွင်းက ရပ်ရွာဆိုင်ရာ လူကြီး ၅ ဦးကို စစ်ကောင်စီကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီး နှိပ်စက်မေးမြန်းပြီးနောက် နိုဝင်ဘာလ ၂၈ ရက်နေ့ နေ့လယ်ပိုင်းက ပြန်လည်လွှတ်ပေးတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
မရန်ကထောင်စစ်ကောင်စီတပ်စခန်းမှာ လက်နက်သံကြားပြီးနောက် အဲဒီတပ်စခန်းအပြင် မိုးကောင်းဗျူဟာကုန်းကနေပါ လက်နက်ကြီးတွေ ပစ်ခတ်တာကြောင့် ရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်တွေပျက်စီးခဲ့တဲ့အပြင် အသင်းတော်ဆရာမတစ်ဦးနဲ့ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။







