ဒီဇင်ဘာ၊ ၉
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်ထဲက စစ်ကောင်စီရဲ့ ခိုမုန်းတပ်စခန်းကို ဝင်ရောက်ရှင်းလင်းတဲ့အချိန် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။
အဲဒီစခန်းကနေ ၆၀ မမ လက်နက်ကြီး၊ ပစ္စတို ၁ လက်၊ လက်နက် (၅)လက်၊ ခဲယမ်းနဲ့ စစ်သုံးပစ္စည်းတွေကို သိမ်းဆည်ရမိခဲ့တယ်လို့ TNLA က ဆိုပါတယ်။
ထုတ်ပြန်ထားတဲ့ပုံတွေအရ လက်နက်ကြီးကျည်ဆံ အများအပြားနဲ့ သောင်းနဲ့ချီတဲ့ ကျည်ဆံတွေကိုလည်း တွေ့ရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးစခန်း ၄ ခုကို TNLA နဲ့ MDY-PDF တို့က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ရာနဲ့ချီ သိမ်းဆည်းနိုင်ခဲ့တဲ့အကြောင်း ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လားရှိုးမြို့နယ်ထဲမှာရှိတဲ့ မိုင်းကျက် စစ်ကောင်စီတပ်စခန်းကို တစ်လနီးပါးအကြာ တိုက်ခိုက်ပြီးတဲ့နောက် နိုဝင်ဘာလ ၂၄ ရက်နေ့ မနက်အစောပိုင်းမှာ သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းသေတ္တာ ၁၀၀ ကျော်နဲ့ လက်နက်ပေါင်း ၈၀ လောက်ကိုလည်း သိမ်းဆည်းခဲ့တဲ့အကြောင်း TNLA က ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီဘက်က စခန်းပေါင်း ၂၀၀ ကျော် ဆုံးရှုံးထားပြီး အဲဒီကရတဲ့ လက်နက်ခဲယမ်းတွေဟာ များပြားလွန်းပြီး တိုက်ပွဲတွေလည်း ဖြစ်နေတဲ့အတွက် မရေတွက်နိုင်သေးဘူးလို့ ကိုးကန့်တပ်ဖွဲ့ (MNDAA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက မြစ်ကြီးနားသတင်းဂျာနယ်ကို ၁၀၂၇ စစ်ဆင်ရေး အစောပိုင်းမှာ ဖြေကြားခဲ့ဖူးပါတယ်။







