တနိုင်းမြို့နယ်၊ တလူးရွှေမှော်နယ်ဘက်မှာ KIA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ ဖြစ်ပွားနေ

308

ဒီဇင်ဘာ၊၁၀

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းက တလူးရွှေမှော်နယ်မြဘက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ စစ်ကောင်စီတပ်စခန်း‌တွေကို ထိုးစစ်ဆင်တိုက်ခိုက်‌နေပြီး နှစ်ဖက်တပ် စစ်ရေးပြင်းထန်နေတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၂၇ ရက်နေ့ကနေစပြီး စစ်ကောင်စီတပ် ခလရ ၈၆ လှုပ်ရှားနယ်မြေအတွင်း KIA ကနေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ အထိုင်စခန်းကြီး‌တွေဖြစ်တဲ့ တလူးကုန်းနဲ့ ဝမ်းဗလာကုန်းတို့ကိုပါ တစ်ဆက်တည်း သွားရောက်ပစ်ခတ်တာတွေ ပြုလုပ်နေတာလို့ တနိုင်းမြို့နယ်အတွင်း နေထိုင်တဲ့ သတင်းအရင်းအမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

KIA ကနေ စစ်ကောင်စီရဲ့ စခန်းငယ်တွေကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်တဲ့ အခြေအနေ ရှိနေတယ်လို့လည်း အထက်ပါဒေသခံက ဆက်လက်ပြောပါတယ်။

ခုက တိုက်နေဆဲပဲ။ တပ်စိတ်၊ တပ်စု အသေးတွေတော့ သိမ်းလိုက်ပြီလို့ ကြားတယ်။ ခုက တပ်စခန်းကြီးတွေပဲ လိုတော့တယ်လို့ သတင်းရတယ်လို့ ဒေသခံက ဆိုပါတယ်။

အထက်ပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ KIO/KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီ မြစ်ကြီးနားသတင်းဂျာနယ်က ဆက်သွယ်နေပေမဲ့ အဆက်အသွယ်မရရှိသေးပါဘူး။

တလူးရွှေတူးနယ်မြေဘက်ကို တနိုင်းမြို့ကနေ ရေလမ်းကြောင်းနဲ့ တစ်ရက်ခရီးသွားရပြီး တလူးကနေ ဝမ်းဗလာကုန်းဘက်ကိုတော့ အလားတူ ရေလမ်းကြောင်းနဲ့ နေ့တစ်ဝက်ခရီးဆက်ရတဲ့အတွက် စစ်ကောင်စီဘက်ကလည်း မြေပြင်စစ်ကူရောက်ဖို့ ခက်ခဲတဲ့ နေရာတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

KIA ကနေ ဝမ်းဗလာကုန်းဘက်သွားရောက် ပစ်ခတ်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၁ ရက်နေ့က စစ်ကောင်စီဘက်ကနေ လေယာဉ်အသုံးပြုပြီး လေးကြိမ်‌ လောက်လာရောက်ပစ် ခတ်မှုရှိခဲ့တဲ့အတွက် ရွှေတူးဖော်သူအချို့နဲ့ ကုန်စိမ်း၊ ကုန်ခြောက် ရောင်းသူအချို့ ထိခိုက်တယ်လို့ ကြားသိရပေမဲ့ ဖုန်းလိုင်းအခက်အခဲကြောင့် အတည်ပြုနိုင်တာတော့ မရှိဘူးလို့ ဆိုပါတယ်။

အထက်ပါ စစ်ကောင်စီတပ် ခလရ ၈၆ လှုပ်ရှားနယ်‌မြေအတွင်း အင်အား ၂၀၀ ထက်မနည်း ရှိနိုင်တယ်လို့ကြားသိရပြီး လက်ရှိအချိန်မှာတော့ စစ်ကောင်စီဘက်ကသာမက KIA ဘက်ကပါ အထိအခိုက်တွေ ရှိနေတယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်တိုက်ပွဲပြင်းထန်နေတဲ့ နေရာတွေဟာ KIAတပ်မဟာ ၂ နဲ့ တပ်မဟာ ၉ တို့ရဲ့ လှုပ်ရှားနယ်မြေတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ- ရှေ့တန်းစခန်းတစ်ခုက KIA တပ်သားတစ်ဦး။(ပုံဟောင်းဖြစ်ပါသည်)

 

LEAVE A REPLY

Please enter your comment!
Please enter your name here