ဒီဇင်ဘာ၊၁၂
စစ်ကောင်စီရဲ့ နှစ်ရှည်လများ အခိုင်အမာ တပ်စွဲထားတဲ့ “နှုံးဘူးဗျူဟာကုန်း” ကို ထိုးစစ် ၂၇ ရက်မြောက်နေ့မှာ ရက္ခိုင့်တပ်တော်(AA) က တိုက်ခိုက်သိမ်းပိုက်လိုက်ပါပြီ။
ကုလားတန်မြစ်ကြောင်းဘေးက စစ်တပ်ရဲ့ နှုံးဘူးဗျူဟာကုန်းကို သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် (AA) က မနေ့ကညပိုင်းမှာ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းပစ်ကူ တိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ကူကြားကနေ ရယူသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း ဗျူဟာမှူးအလောင်းအပါအဝင် ရန်သူ့အလောင်းအချို့နဲ့ လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းနိုင်ခဲ့တယ်လို့ AA က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
အခု စစ်ကောင်စီဆုံးရှုံးသွားတဲ့ နှုံးဘူးဗျူဟာကုန်းနဲ့ တရွန်အိုင်ဗျူဟာကုန်းဟာ ချင်းပြည်နယ်၊ ပလက်ဝမြို့ရဲ့ မြောက်ဘက်မှာ တည်ရှိတာဖြစ်ပါတယ်။
အဲဒီစခန်းနှစ်ခုကို ဆုံးရှုံးလိုက်ရတဲ့အတွက် ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ရဲ့ မြစ်ကြောင်း၊ ကုန်းကြောတစ်လျှောက် ဆက်သွယ်ရေးလမ်းကြောင်းပေါ်မှာတော့ စစ်ကောင်စီစိုးမိုးနိုင်တဲ့နေရာဟာ ပလက်ဝမြို့နဲ့ ရခိုင်ပြည်နယ်အစပ်က မီးဝဗျူဟာကုန်းတစ်ခုပဲ ရှိပါတော့တယ်။
အဲဒီ မီးဝဗျူဟာကုန်းဟာလည်း ၂၀၂၀ နှစ်ဆန်းပိုင်းတုန်းက ရက်ပေါင်း ၄၀ ကျော်ကြာအောင် AA က တိုက်ခိုက်ခဲ့တဲ့ နေရာတစ်ခုဖြစ်ပါတယ်။
“နှုံးဘူးပြီးရင် မီး၀၊ မီး၀ပြီးရင် ပလက်၀ကိုပါ သိမ်းရမှာပါ။ ဒါဆိုရင် သိမ်းထားပြီးဖြစ်တဲ့ လိုင်လင်းပီ၊ ရေဇွာတို့နဲ့ တစ်ဆက်တည်းဖြစ်ပါပြီ။ ချင်းတောင်ပိုင်းနဲ့ စစ်ဒေသ တစ်ဆက်တည်း ဆက်စပ်ပုံဖော်လို့ ရသွားပါပြီ” လို့ စစ်တပ်ဘက်ကနေ လူထုဘက်ကိုပြောင်းလာတဲ့ CDM ဗိုလ်ကြီးဇင်ယော်က ဒီဇင်ဘာ ၇ ရက်နေ့ညနေပိုင်းမှာ ရေးသားထားပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ကုလားတန်မြစ်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းဟာ ကုလားတန်မြစ်ကြောင်းအတိုင်း ရခိုင်ပြည်နယ်ကနေ အိန္ဒိယနိုင်ငံရဲ့ ကုန်းတွင်းပိတ်ဒေသကို ကုန်စည်ပို့ဆောင်ဖို့အတွက် လုပ်ဆောင်နေတဲ့ စီမံကိန်းတစ်ခုလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့အနောက်တောင်ပိုင်းမှာ ပလက်ဝက စစ်တပ်တပ်ရင်းတစ်ရင်းနဲ့ မီးဝဗျူဟာကိုသာ AA ရသွားမယ်ဆိုရင် ပြည်နယ်ချင်းစပ်တောက်လျှောက် လမ်ကြောင်းအပြင် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့လည်း ကုန်စည်ကူးသန်းနိုင်မှာ ဖြစ်တယ်လို့လည်း အခုတိုက်ပွဲတွေကို စောင့်ကြည့်နေသူတွေက ပြောဆိုနေကြပါတယ်။







