“မြီ” အိမ်အပြင် ကိုးကန့်ရဲ့ ထိပ်တန်းခေါင်းဆောင်တွေဖြစ်တဲ့ ကျန် အိမ် ၃ အိမ်ကိုပါ တရုတ်ဖမ်းဝရမ်းထုတ်

341

 

ဒီဇင်ဘာ၊ ၁၁

ကိုးကန့်ဒေသရဲ့ ထိပ်ဆုံးက ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ပယ်ဆောက်ချိန်ကို တရုတ်နိုင်ငံက မနေ့က ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

မနေ့က ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ပယ်ဆောက်ချိန်အပါအဝင် ကိုးကန့်ဒေသရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးမှာ ခေါင်းဆောင်တွေဖြစ်နေတဲ့ မိသားစု ၃ စုက လူ ၁၀ ယောက်ကို ဖမ်းဝရမ်းထုတ်ပြန်ခဲ့တာပါ။

သူတို့နဲ့ပတ်သက်ပြီး သတင်းပေးနိုင်မယ်ဆိုရင်တော့ ယွမ်ငွေတစ်သိန်းကနေ ငါးသိန်းအထိပေးမယ်လို့ တရုတ်ဘက်က ကြေညာထားတာပါ။

၂၀၀၉ ခုနှစ်တုန်းက စစ်တပ်ဟာ ကိုးကန့်တပ်တွေကို ပြည်သူ့စစ်အဖြစ်ပြောင်းလဲဖို့ ဖိအားပေးတဲ့အချိန် ဖုန်ကျားရှင်ဦးဆောင်တဲ့ MNDAA ဟာ လက်မခံခဲ့ဘဲ အခုထိတော်လှန်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဖုန်ကျားရှင်ရဲ့ တပည့်တစ်ယောက်ဖြစ်တဲ့ ပယ်ဆောက်ချိန်နဲ့ “ဝေ”အိမ်တို့ဟာ စစ်တပ်နဲ့ပူးပေါင်းပြီး နောက်ပိုင်းမှာ ကိုးကန့်ဒေသကို အုပ်စိုးခဲ့တာဖြစ်ပါတယ်။

အဲဒီ ၂၀၀၉ ခုနှစ်နောက်ပိုင်းမှာတော့ ကိုးကန့်ဒေသမှာ နာမည်ကြီး အိမ် ၄ အိမ်ပေါ်ထွက်လာပြီး အဲဒီအိမ်တွေဟာ “ပယ်”အိမ်၊ “ဝေ”အိမ်၊ “မြီ” အိမ်နဲ့ “လျှို” အိမ်ဖြစ်တယ်လို့ ဘီဘီစီမြန်မာပိုင်းရဲ့ “ကိုးကန့်ဘီလီယံနာ မိသားစုတွေ သောကပွေချိန်” ဆိုတဲ့ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

အဲဒီမိသားစု ၄ ခုထဲက “မြီ” မိသားစုကိုတော့ တရုတ်နိုင်ငံဘက်က နိုဝင်ဘာ ၁၂ ရက်နေ့မှာ ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

ဒီကိစ္စမတိုင်ခင်ကလည်း “ပယ်” အိမ်ကလွဲလို့ ကျန်တဲ့ အိမ် ၃ အိမ်က မိသားစုဝင်တချို့ကို တရုတ်နိုင်ငံမှာလုပ်တဲ့ ကုန်စည်ပြပွဲတစ်ခုကိုလာတဲ့အချိန် တရုတ်က ဖမ်းဆီးထားခဲ့တယ်လို့ ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။

အဲဒီနောက် နိုဝင်ဘာလ ၁၆ ရက်နေမှာတော့ “မြီ” အိမ်က မြီရှောက်ချန်းနဲ့ မိသားစုဝင်တချို့ကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး တရုတ်ဘက်ကိုလွှဲပေးခဲ့ပါတယ်။ ဒါပေမဲ့ မြီရှောက်ချန်းကတော့ ကိုယ့်ကိုကိုယ်သတ်သေသွားတယ်လို့ စစ်တပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

“မြီ” အိမ်ကလူတွေကို ဖမ်းဝရမ်းထုတ်ပြီး တစ်လပြည့်ခါနီးအချိန် မနေ့က ဒီဇင်ဘာ ၁၀ ရက်နေ့မှာတော့ ကျန်တဲ့ အိမ် ၃ အိမ်လုံးက မိသားစုဝင်တွေကို အွန်လိုင်းငွေလိမ်တဲ့လုပ်ငန်းတွေနဲ့ ဆက်စပ်တယ်ဆိုပြီး တရုတ်ဘက်က ဖမ်းဝရမ်းထုတ်လိုက်တာပါ။

အဲဒီ အိမ် ၃ အိမ်ကို ဖမ်းဝရမ်းထပ်ထုတ်လိုက်တဲ့ကိစ္စနဲ့ ပတ်သက်လို့တော့ “မြီ” မိသားစုကို တရုတ်ဆီလွှဲပြောင်းပေးလိုက်တဲ့ စစ်တပ်ဟာ ဒီနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့အထိ တစ်စုံတစ်ရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

အခုအချိန်မှာတော့ ကိုးကန့်တပ် (MNDAA) ဟာ လောက်ကိုင်မြို့ကို ပိတ်ဆို့ထားပြီး မြို့ထဲမှာတော့ အိမ် ၃ အိမ်က ပြည်သူစစ်အဖွဲ့တွေနဲ့ စစ်တပ်က နေရာယူထားပါတယ်။

လောက်ကိုင်မြို့က ပြည်သူတွေကတော့ ထွက်ပြေးနေပြီး နိုဝင်ဘာ ၂၂ ရက်နေ့အထိ “ဝ” ဒေသကိုရောက်လာတဲ့ စစ်ရှောင်တွေဟာ ၄၀,၀၀၀ လောက်ရှိနေပြီလို့ “ဝ”အဖွဲ့ (UWSA) ရဲ့ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက မြစ်ကြီးနားသတင်းဌာနကို ပြောဆိုထားပါတယ်။ ဒါပေမဲ့ နောက်ဆုံးစစ်ဘေးရှောင်အရေအတွက်ကိုတော့ မေးမြန်းလို့ မရသေးပါဘူး။

အဲဒီစစ်ဘေးရှောင်တွေထဲမှာလည်း ပြည်သူပုံစံဟန်ဆောင်ပြီး ထွက်လာတဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တချို့ကို ဖမ်းမိထားတယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here