စစ်ကောင်စီက တပ်စခန်းကို နှစ်ကြိမ် ခိုးဝင်တိုက်ခိုက်ခဲ့ကြောင်း တွေ့ဆုံဆွေးနွေးပွဲကိစ္စအပြီး MNDAA ထုတ်ပြန်

223
ဓါတ်ပုံ- The Kokang Facebook

 

ဒီဇင်ဘာ၊ ၁၂

စစ်ကောင်စီက တပ်စခန်းတစ်ခုကို နှစ်ကြိမ် ခိုးဝင်တိုက်ခိုက်ခဲ့တယ်လို့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ကိစ္စအပြီး ဒီကနေ့မှာ ကိုးကန့်တပ်မတော် (MNDAA) က ထုတ်ပြန်လိုက်ပါတယ်။

MNDAA တပ်သားတွေရှိတဲ့နေရာကို စစ်ကောင်စီကနေ ဒီဇင်ဘာလ ၁၁ ရက်နေ့ နေ့လယ် ၁ နာရီခွဲအချိန်လောက်က ခိုးဝင်တိုက်ခိုက်ခဲ့တာ‌ကြောင့် ပြန်လည်ခုခံတိုက်ခိုက်ရင်း တပ်ဖွဲ့အချို့ ထိဒဏ်ရာရရှိခဲ့တဲ့အပြင် ရဲဘော်တစ်ဦးလည်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ကိုးကန့် ရှီရှမ်းဒေသ ၊ တာရွှေထန် ကျေးရွာအုပ်စု ၊ ဟုန်ရှိထုပ်ဟော်ရွာရဲ့ နောက်တောင်ကုန်း MNDAA ရဲ့ ခံတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တစ်ချိန်တည်းမှာ MNDAA ဘက်က ပြန်လည်ခုခံတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

MNDAA နဲ့ စစ်ကောင်စီတို့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ ကိစ္စတွေအပြီး ဆွေးနွေးပွဲနဲ့ပတ်သက်လို့ တစ်စုံတစ်ရာမထုတ်ပြန်ခဲ့ပေမဲ့ စစ်တပ်က ခိုးဝင်ပြီးတိုက်ခိုက်ခဲ့တဲ့အကြောင်းကို MNDAA က ဒီကနေ့ မှာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

အရင်က MNDAA ဟာ သူတို့ရဲဘော်တွေ ကျဆုံးတယ်ဆိုတဲ့ ကိစ္စတွေကို အခုလို အရေအတွက်အတိအကျနဲ့ ထုတ်ပြန်လေ့မရှိခဲ့ပါဘူး။

မနေ့ကညပိုင်းမှာလည်း စစ်တပ်ဘက်က ထုတ်ပြန်မှုအပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် မရပ်မနားဘဲ အရှိန်အဟုန်မြင့် ကြိုးပမ်းနေတယ်လို့ ထုတ်ပြန်ခဲ့ပါသေးတယ်။

ဒါ့အပြင် ဒီကနေ့မှာလည်း စစ်တပ်က ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်နဲ့ နမ့်ခမ်းမြို့ တို့ကို လက်နက်ကြီးအပြင် လေကြောင်းကနေပါ တိုက်ခိုက်ခဲ့သလို ရခိုင်ပြည်နယ်မှာဆိုရင်လည်း မြို့နယ် ၆ မြို့နယ်က စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီးအပြင် လေကြောင်းကနေပါ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ TNLA နဲ့ AA က အသီးသီးထုတ်ပြန်ထားပါတယ်။

ဒါဟာဆွေးနွေးမှုရှိခဲ့တယ်ဆိုတဲ့ ကိစ္စတွေအပြီး စစ်ကောင်စီဘက်က ဆက်တိုက် တိုက်ခိုက်လာတာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ စစ်ကောင်စီဟာ MNDAA၊ TNLA နဲ့ AA တို့နဲ့တွေ့ဆုံခဲ့တယ်လို့ မနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ထားပြီး ဒီလကုန်ပြီးမှာလည်း ထပ်ဆွေးနွေးဖို့ရှိတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားတာဖြစ်ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ TNLA နဲ့ AA ပါဝင်မှုရှိမရှိဆိုတာကိုတော့ မသိရသေးသလို ညီနောင် ၃ ဖွဲ့ဟာလည်း အဲဒီကိစ္စနဲ့ပတ်သက်လို့ တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးသလို ဆွေးနွေးပွဲရလာဒ်နဲ့ ပတ်သက်လို့လည်း ဘယ်ဘက်ကမှ အတိအကျ မထုတ်ပြန်သေးပါဘူး။

ဓါတ်ပုံ- The Kokang Page

 

LEAVE A REPLY

Please enter your comment!
Please enter your name here