ဒီဇင်ဘာ၊ ၁၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီရဲ့စခန်းသစ်ကုန်းအတွက် လေကြောင်းကနေ စစ်ကူပို့လိုက်တဲ့အဖွဲ့ကို ချေမှုန်းလိုက်နိုင်တယ်လို့ တအာင်းတပ်မတော် (TNLA) က ပြောပါတယ်။
နမ့်ခမ်းမြို့ အနောက်တောင်ဘက်မှာရှိတဲ့ စခန်းသစ်ကုန်းအတွက် မနေ့က ဒီဇင်ဘာ ၁၂ ရက်နေ့မှာ နောင်ကောင်ကျေးရွာ သချိုင်းကုန်းနဲ့ ကွန်လုံကျေးရွာဘောလုံးကွင်းထဲ စစ်ကူ ၁၀၀ နီးပါးကို ရဟတ်ယာဉ်နဲ့ ၃ ခါလာပို့တာလို့ TNLA က ထုတ်ပြန်ထားတာပါ။
အဲဒီစစ်ကူတွေကို တိုက်ခိုက်တဲ့အချိန် စစ်တပ်ဘက်က ဖရိုဖရဲဖြစ်ပြီး အကျအဆုံးများခဲ့တယ်လို့ TNLA က ဆိုပေမဲ့ အရေအတွက်ကိုတော့ မဖော်ပြထားပါဘူး။
အဲဒီတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က လက်နက်မျိုးစုံ ၁၉ လက်၊ ကျည်ဆံ ၄ သေတ္တာ၊ ဆက်သွယ်ရေးစက်၊ ဆေးဝါးတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို သိမ်းမိခဲ့တယ်လို့ TNLA က ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။
စစ်တပ်ဟာ သူတို့ရဲ့ စခန်းသစ်ကုန်း မကျရေးအတွက် စစ်ကူ၊ လက်နက်ကြီးကူနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို နေ့တိုင်းရာချီပြုလုပ်နေတယ်လို့ TNLA က ပြောပါတယ်။
အဲဒီစခန်းသစ်ကုန်းကိုတော့ ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစပြီးနောက်ပိုင်း နိုဝင်ဘာလ ၁၇ ရက်နေ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုအချိန်ထိ စစ်တပ်က အပြင်းအထန် ခုခံနေတာလည်းဖြစ်ပါတယ်။
အခုလိုမျိုး စစ်ကောင်စီရဲ့ လေကြောင်းနဲ့လာတဲ့စစ်ကူကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တဲ့ ဖြစ်စဉ်တွေရှိတဲ့အပြင် စစ်တပ်လေကြောင်းကနေထောက်ပံ့ပေးတဲ့ ပစ္စည်းတွေကိုလည်း တော်လှန်ရေးအင်အားစုတွေက သိမ်းဆည်းနိုင်တာမျိုးရှိတွေ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။







