မေ၊၁၀
ကချင်ပြည်နယ်၊ မိုးကောင်းမြို့ ၊ ထွေအုပ်နဲ့ ဥပဒေရုံးအနီးမှာ ဒီကနေ့ မေလ ၁၀ ရက်နေ့ည ၇ နာရီ ၁၅ မိနစ်အချိန်လောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မိုးကောင်းမြို့ သံလမ်းအရှေ့ဘက်ခြမ်း နတ်ကြီးကုန်းရပ်ကွက်က မြို့နယ်ရဲစခန်းနဲ့ တရားဥပဒေရုံး ၊ အထွေထွေအုပ်ချုပ်ရေးရုံးအနီးမှာ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကွဲတာက အကျယ်ကြီးပဲ။ တစ်မြို့လုံးနီးပါး ကြားရတယ်။ အတော်ပြင်းတယ်။ တပ်နဲ့ရဲကတော့ ခြေရှုပ်နေကြတယ်။” လို့ဒေသခံက ဆိုပါတယ်။
ဗုံးပေါက်ကွဲအားပြင်းတယ်လို့ ကြားသိရပြီး ထိခိုက်မှုကိုတော့ မသိရသေးပါဘူး။
မိုးကောင်းမြို့ အထွေထွေအုပ်ချုပ်ရေးရုံးဝင်းထဲမှာတော့ စစ်တပ် အထိုင်ကင်းရှိပြီး ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီဘက်က စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မိုးကောင်းမြို့နယ်ထဲမှာ မြို့တွင်းစစ်ဆင်ရေးတွေကို နဂိုကထက် တိုးချဲ့လုပ်ဆောင်သွားမှာ ဖြစ်တာကြောင့် စစ်ကောင်စီနဲ့ သက်ဆိုင်တဲ့နေရာတွေ စစ်ကောင်စီရဲ့ လက်ပါးစေတွေအနီးမှာ သွားလာ လှုပ်ရှားနေထိုင်တာမျိုးကို ရှောင်ကြဉ်ကြဖို့ မိုးကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (KPDF Mogaung) ကနေ ဧပြီလ ၂၆ ရက်နေ့က သတင်းထုတ်ပြန်ထားတာရှိပါတယ်။







