ဖေဖော်ဝါရီ၊၂
မြစ်ကြီးနား-ဖားကန့်လမ်း နန့်တိန်းကျေးရွာက စစ်ကောင်စီစခန်းကို ဒီကနေ့ ညနေ ၃ နာရီကစပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ပူးပေါင်းတပ်တွေကနေ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
စခန်းသိမ်းတိုက်ပွဲပုံစံနဲ့ KIA၊KPDFပူးပေါင်းတပ်တွေ စတိုက်နေတာဖြစ်ပြီး လက်ရှိအချိန်အထိ ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“မသိမ်းနိုင်သေးဘူး။ နန့်တိန်းမှာ အခုလည်း ပစ်နေကြတုန်းပဲ။ ကံဆီးကနေလည်း လက်နက်ကြီး ပစ်နေတယ်။ အခုတော့ တိတ်သွားပြီ။ ခုနက တောက်လျှောက်ပစ်နေတာ”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
နန့်တိန်းစစ်ကောင်စီစခန်း တိုက်ခိုက်ခံနေရချိန် နန့်ယားက စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီလက်အောက်ခံ ရှမ်းနီ(SNA)တပ်တွေက အင်အား ၄၀ ကျော် စစ်ကူလာခဲ့တယ်လို့လည်း သိရပါတယ်။
နှစ်ဖက်တိုက်ပွဲဖြစ်နေတဲ့ နန့်တိန်းကျေးရွာဘက်ကို စစ်ကောင်စီက ည ၇ နာရီခွဲလောက်မှာ လေယာဉ်နဲ့ ဗုံးကြဲသွားတယ်လို့လည်း သိရပါတယ်။
နန့်ယားကျေးရွာနေ ဒေသခံ အမျိုးသမီးတစ်ဦးကလည်း နန့်တိန်းဘက်မှာ တိုက်ပွဲဖြစ်တဲ့အချိန် လေယာဉ်နဲ့ လာပစ်သွားတယ်လို့ မြစ်ကြီးနားသတင်းဂျာနယ်ကို အတည်ပြုပြောပါတယ်။
ဒါ့အပြင် ဖားကန့်တပ်မကုန်းကနေ ဒီကနေ့ညနေ ၄ နာရီခွဲလောက်ကစပြီး လက်နက်ကြီး လက်နက်ငယ်တွေ အဆက်မပြတ် နေရာအနှံ့ ပစ်ခတ်နေတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့ကလည်း နန့်တိန်းစစ်ကောင်စီတပ်စခန်းကို KIA၊KPDF ပူးပေါင်းတပ်တွေကနေ သွားရောက်တိုက်ခိုက်ခဲ့ပြီး နန့်တိန်း ဒေသခံတွေ ဒီကနေ့အထိ စစ်ရှောင်နေရပါတယ်။







