ကသိုင်းတောင်က ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို KIA ပူးပေါင်းအဖွဲ့တိုက်ခိုက်၊ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

232
ဓါတ်ပုံ-စစ်ကောင်စီ ယဉ်တန်းကို တိုက်ခိုက်ပြီးနောက် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ

 

မတ်၊၁၁

ကသိုင်းတောင်က ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဒီကနေ့မနက် ၃ နာရီခွဲခန့်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တပ်ပူးပေါင်းတပ်တွေကနေ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က နှစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီးတော့ သေဆုံးသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ကသိုင်းတောင်ကနေ အိမ်စီးကား ငါးစီးနဲ့ ဆင်းလာတဲ့အချိန် နန့်မှော်ကျေးရွာအုပ်စု၊ အောင်စုကျော်ကျေးရွာမှာ KIA၊KPDFတွေ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ကားလေးစီး၊လက်နက်ခဲယမ်း အပြင် စစ်ကောင်စီဘက်က နှစ်ဦးကိုလည်း ဖမ်းမိခဲ့တယ်လို့ KIAနဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်

ကသိုင်းတောင်တပ်စခန်းကနေ ဆင်းလာတယ်။ နန့်မှော်အုပ်စု အောင်စုကျော်ကျေးရွာမှာ နာရီခွဲလောက်က KIA နဲ့ PDFတွေ ဝိုင်းပစ်လို့ ကားငါးစီးထဲက လေးစီး သိမ်းဆည်းရမိတယ်။ အရှင် နှစ်ယောက်ဖမ်းမိတယ်။ ဒီလက်နက်တွေ သိမ်းဆည်းရမိတယ်လို့ အထက်ပါ အမျိုးသားက ပြောပါတယ်

တိုက်ခိုက်ခံရတဲ့အချိန် အထက်ပါ စစ်ကောင်စီယာဉ်တန်းက စစ်ကောင်စီတပ်သားတွေ သေဆုံးသူတွေရှိပေမဲ့ အတိအကျ မသိရသေးဘူးလို့လည်း ဆိုပါတယ်။

နန့်မှော်ကျေးအုပ်စု အောင်စုကျော်ကျေးရွာမှာ ကသိုင်းတောင်ကနေ ဖားကန့်တပ်မဘက် ဆင်းလာတဲ့အချိန် KIA၊KPDF ပူးပေါင်းတပ်တွေ မိုင်းသုံးလုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း နောက်ထပ်ဒေသခံတစ်ဦးရဲ့ ပြောချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့က ကသိုင်းတောင်က စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်တွေ သွားရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန်းကို ဖျက်ဆီးခဲ့ပြီးတဲ့နောက် စစ်ကောင်စီကနေ ပြန်တပ်စွဲနေထိုင်နေတာ ဖြစ်ပါတယ်။

ကသိုင်းတောင်တပ်စခန်းဟာ ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာနဲ့ တာမခန်ကျေးရွာကြားမှာ တည်ရှိတာလည်း ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here