ဇန်နဝါရီ၊၁၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့ မှာရှိတဲ့ စစ်ကောင်စီတပ်မကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့KPDFပူးပေါင်းတပ်တို့ သွားရောက်ပစ်ခတ်မှုရှိခဲ့ပြီး ဒီကနေ့မနက်ပိုင်းအထိ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ဖားကန့်တပ်မကုန်းကို မနေ့ ညနေ ၄ နာရီလောက်ကတည်းကနေ KIA၊KPDFပူးပေါင်းတပ်ကနေ သွားတိုက်ခိုက်ခဲ့ပြီး ဒီကနေ့မနက်အထိ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်
“ KIA၊KPDFပေါင်းပြီး ဖားကန့်တပ်မကုန်းကို လက်နက်ကြီးနဲ့ လာပစ်တယ်။ ညဆယ်နာရီခွဲထိ ပစ်တယ်၊ ခုမနက်လည်း KIA၊KPDFပေါင်းပြီး လာပစ်နေပြီ။”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်
စစ်ကောင်စီကနေ သူတို့ တပ်မကုန်း တိုက်ခိုက်ခံရတဲ့အတွက် မနေ့က လက်နက်ကြီး ၂၃ ချက် နဲ့ ဒီနေ့မနက်က ၄ ချက် ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဖားကန့် စစ်ကောင်စီတပ်မကုန်းကနေ ဒီမနက် ၅ နာရီခန့်လောက်စပြီး လက်ရှိအချိန်အထိ လက်နက်ကြီးတွေ ပစ်လိုက် ရပ်လိုက်လုပ်နေတယ်လို့ ဖားကန့် ဒေသခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။
“မနေ့ကတော့ သေနတ်သံ အရမ်းမြည်တယ်လေ။ မနေ့ညအထိ ဒီမနက်တော့ သေနတ်သံအကြီး လက်နက်ကြီးသံတွေပဲ မြည်တယ်။” လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသ၊ ဆိပ်မူအုပ်စု၊ ဝှေခါကျေးရွာမှာ ဇန်နဝါရီလ ၆ ရက်နေ့ကတည်းကနေ လက်ရှိအချိန်ထိ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဒေသခံတွေတိမ်းရှောင်နေရပြီးတော့ မြစ်ကြီးနား-ဖားကန့် လမ်း နန့်တိန်းကျေးရွာဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖားကန့်အတက်လမ်းတွေကို ဖြတ်သန်းသွားလာခွင့်တွေလည်း စစ်ကောင်စီက ပိတ်ထားပါတယ်။
ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။







