တာမခန်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းအဖွဲ့တိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်နေ

272

 

ဖေဖော်ဝါရီ၊ ၂၆

ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာက စစ်ကောင်စီ တပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

ဒီကနေ့ ညနေ ၄ နာရီလောက်ကနေ တိုက်ပွဲဖြစ်ပွားလာတာဖြစ်ပြီး ဖားကန့် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးတွေ ပစ်ခတ်ကူနေသလို စစ်ကောင်စီက လေယာဉ်နဲ့လည်း တိုက်ခိုက်နေတယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ပြည်သူတွေထိမှာစိုးလို့ ပြည်သူတွေကိုလည်း ထွက်ခိုင်းတယ်။ မနေ့ညကတည်းကထွက်တာ။ ပြည်သူတွေထွက်တာနဲ့ ၄ နာရီကနေ ဝင်ပစ်တာ။ ဖားကန့်ကနေလည်း လက်နက်ကြီးနဲ့ ပစ်နေတယ်။” လို့ ဒေသခံက ဆိုပါတယ်။

ဒေသခံတွေကတော့ အဲဒီတာမခန် တပ်စခန်းကို KIA နဲ့ PDF တပ်ဖွဲ့ဘက်က ဝင်ရောက်တိုက်ခိုက်မှာနဲ့ ဝိုင်းထားပြီလို့ သတင်းကြားကတည်းက အများစု ထွက်ပြေးတိမ်းရှောင်သွားကြပြီဖြစ်တယ်လို့ ဆိုပါတယ်။

တာမခန်ရွာတစ်ဝိုက်ကတော့ ဝိုင်းထားပြီ။ ပစ်တိုင်းထောင်ဘက်ကလည်း ဝိုင်းထားပြီ။ အဲဒါကြောင့် ပြည်သူတွေက ကြောက်ပြီး ထွက်ပြေးသွားကြတာ။ တချို့က မနေ့ညကတည်းကပြေးပြီ။ အများစုက ဒီမနက်မှထွက်တာ။ လို့ ပြောပါတယ်။

တာမခန်ကျေးရွာက ဒေသခံ သုံးပုံနှစ်ပုံလောက် ဒီကနေ့မနက်ကတည်းက ထွက်ပြေးသွားကြပြီဖြစ်သလို ဒေသခံတွေဟာ တာမခန် အထက်ဘက် ဖားကန့်မြို့နဲ့ အောက်ဘက်က ရွှေတောင်ကျော်၊ ဟောင်ပါး ကျေးရွာတွေဘက်ကို ကား၊ ဆိုင်ကယ်တွေနဲ့ တိမ်းရှောင်သွားကြတာလို့ ဆိုပါတယ်။

ကျေးရွာထဲမှာတော့ အိမ်စောင့်ဖို့ ကျန်နေတဲ့ သူတချို့နဲ့ တချို့ပြည်သူတွေတော့ ရှိပေမဲ့ အများပိုင်းတော့ ရှောင်လာကြပြီလို့ နောက်ထပ် ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

ရှမ်း၊ ဗမာ၊ ကချင် စတဲ့ လူမျိုးတွေ နေထိုင်ပြီး ရှမ်းအများစုရှိတဲ့ တာမခန်ကျေးရွာမှာ ဒေသခံ ထောင်ဂဏန်းလောက်ရှိပြီး အဲဒီ တာမခန်ကျေးရွာတဝိုက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း ၂၆ နဲ့ ၃၁ တပ်ရင်းတို့ လှုပ်ရှားနေတာလို့ သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here