နန့်ယားကျေးရွာအတွင်းက သင်္ချိုင်းလမ်းဘက်မှာ စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိပြီး လဝါးကျေးရွာဒေသခံ ပြည်သူတစ်ဦး သေဆုံး

263

 

ဇန်နဝါရီ၊၁၅

ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာအတွင်းက သင်္ချိုင်းလမ်းဘက်မှာ စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိပြီး လဝါးကျေးရွာဒေသခံပြည်သူတစ်ဦး သေဆုံးခဲ့ပါတယ်။

မနေ့က ဇန်နဝါရီလ ၁၄ရက်နေ့ မနက် ၉ နာရီလောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၃၀ ကျော်အရွယ် အထက်ပါလဝါးဒေသခံ အမျိုးသားဟာ ဖားကန့်မြို့ဘက်အတက် နန့်ယားစစ်ကောင်စီဂိတ်စခန်း မဖွင့်သေးတဲ့အတွက် သင်္ချိုင်းလမ်းဘက်ကနေ သွားလိုက်တဲ့အချိန် မိုင်းနင်းမိခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် မြစ်ကြီးနားဆေးရုံဘက် ပို့ဆောင်ချိန် လမ်းခုလတ်မှာ အသက်သေဆုံးသွားတာ ဖြစ်တယ်လို့ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

” စခန်းရှေ့ လမ်းတည့်တည့်ရှိတယ်။ ဖွင့်ပေးရင်တော့ ဖြတ်လို့ရတာပေါ့။ သူက ဂိတ်မဖွင့်ခင်မှာ သင်္ချိုင်းလမ်းဘက်ကနေ သွားတဲ့အချိန် မိုင်းထောင်ထားတဲ့ နေရာမှာ သွားနင်းမိတာ။ ခုက အဲဒီစခန်းရှောင်တဲ့ သင်္ချိုင်းလမ်းမှာ ဖြစ်တာပေါ့” လို့ ဒေသခံက ဆိုပါတယ်။

နောက်ထပ် ဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ သေဆုံးသွားသူ အမျိုးသားဟာ ဝမ်းဗိုက်နဲ့ ဘယ်ဘက်ခြေထောက်တွေမှာ ပြင်းထန်ဒဏ်ရာရရှိပြီး သေဆုံးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

နန့်ယားသင်္ချုင်းကို အလောင်းသွားရောက်မြှုပ်နှံလိုတဲ့အခါ နန့်ယားစစ်ကောင်စီတပ်စခန်းက တာဝန်ရှိသူတွေကို အကြောင်းကြားရပြီး ခွင့်ပြုမှသာ သွားလာခွင့်တယ်လို့လည်း လက်ရှိအခြေအနေကို ဒေသခံကပြောပြခဲ့တာပါ။

” ခုက လူသွားမြှုပ်မယ်ဆိုရင်တောင် သူတို့ကို အကြောင်းကြားရတယ်။ အကုန်အကြောင်းကြားပြီး သူတို့ မိုင်းတွေ ရှင်းပေးတယ်။ ဖြတ်လို့ရပြီဆိုမှ သွားမြှုပ်ရတယ်။ “လို့ ဒေသခံက ဆိုပါတယ်။

နန့်ယားစစ်ကောင်စီတပ်စခန်းဂိတ်ကို မနက် ၉ နာရီခွဲကနေ ညနေပိုင်း ၄ နာရီအထိသာ အချိန်အကန့်အသတ်နဲ့ ဖွင့်ပေးပြီး ဂိတ်ပိတ်ထားချိန် လမ်းလျှောက်ဖြတ်သန်း လို့ရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် လက်ရှိ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာနဲ့ နန့်တိန်းကျေးရွာတွေဘက် စစ်ကောင်စီတပ်နဲ့ KIA၊ KPDFတပ်တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့အတွက် စစ်ကောင်စီတပ်ကနေ လုံခြုံရေးယူတဲ့ သဘောနဲ့ အခုလို မိုင်းထောင်တာတွေ ပြုလုပ်တာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံကတွေက ဆိုပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here