ဖားကန့်မှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ကို ကျောက်ခဲနဲ့ထုရာကနေ ပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံး

178

 

မတ်၊၃

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နန့်မှော်ကျေးရွာမှာ ဒီကနေ့မနက် ၈ နာရီခွဲခန့်က မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ကို ကျောက်ခဲနဲ့ ထုရာကနေ ပေါက်ကွဲပြီး အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

နန့်မှော်ကျေးရွာ၊ ရပ်ကွက် ၇ မှာ မူးယစ်ဆေးသုံးထားတယ်လို့ ယူဆရတဲ့ အသက် ၃၀ ‌ဝန်းကျင်အရွယ် အမျိုးသားသုံးဦးဟာ ၆၀ မမ လက်နက်ကြီးကျည် တစ်လုံးကောက်ရပြီး ကျောက်ခဲနဲ့ ထုလိုက်တဲ့အချိန် ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးပြီး ဒါဏ်ရာပြင်းထန်တဲ့ နှစ်ဦးကိုတော့ လူမှုကူညီအသင်းက ခေါ်ဆောင်သွားပြီဖြစ်တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

သူတို့ဘာသာသူတို့ မိုင်းထုခွဲပြီးသေတာ။ ဆေးနည်းနည်းကောင်းနေလို့ထင်တယ်။  လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

သေဆုံးသွားတဲ့ အမျိုးသားဟာ ဦးထွန်းအေးကျော်၊ အသက် ၃၇ ခန့်နှစ်ရှိပြီး နန့်မှော်ကျေးရွာက ဖြစ်တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသားနှစ်ဦးကတော့ လက်ရှိအချိန် ဖားကန့်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးရဲ့ ပြောချက်အရ သိပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း ဖားကန့်စစ်ကောင်စီတပ်မကုန်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ မော်ဝမ်းကြီးကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၆၀ ကျော် အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here