နိုဝင်ဘာ၊၃
မိုးကောင်းမြို့နယ်၊ တောင်နီကျေးရွာမှာရှိတဲ့ ပြည်သူ့စစ်စခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူရှိတယ်လို့ သိရပါတယ်။
ရွှေဘို – မန္တလေး ပြည်ထောင်စုလမ်းမကြီး နံဘေးမှာရှိတဲ့ တောင်နီပြည်သူ့စစ်စခန်းရှေ့ကို မိုးကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် ၅၀ ကျော်အရွယ် ပြည်သူ့စစ်တပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ဒီနေ့ တောင်နီ ပြည်သူ့စစ်စခန်းအဆောက်အဦရှေ့ကို ဒရုန်းနဲ့ ဗုံးပစ်ချတာ။ ရှေ့မှာနေတဲ့ပြည်သူ့စစ်တစ်ယောက် ဆုံးသွားတယ်။ နောက်တစ်ယောက်ကတော့ ဒဏ်ရာရသွားတယ်။” လို့ဆိုပါတယ်။
တောင်နီပြည်သူ့စစ်စခန်းက ကင်းစောင့်ကျတဲ့တပ်ဖွဲ့တွေ ဒီကနေ့ နေ့လယ် ၁ နာရီခွဲဝန်းကျင်လောက်မှာ တိုက်ခိုက်ခံရတာဖြစ်ပြီး တစ်ဦးသေဆုံး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးကလည်း ဆိုပါတယ်။
“ဘယ်အဖွဲ့မှန်းတော့ ကျွန်တော်တို့မသိဘူး။ ပြည်သူ့စစ်စခန်းကို ဒရုန်းနဲ့လာချသွားတာ။ တစ်နာရီခွဲလောက်က။ ပြည်သူ့စစ်တစ်ယောက်ဆုံးသွားတယ်။” လို့ အထက်ပါဒေသခံကဆိုပါတယ်။
အဲဒီတောင်နီပြည်သူ့စစ်စခန်းရှေ့မှာ နေ့ခင်းဘက်ဆိုရင်တော့ အစောင့်သဘောမျိုးနဲ့ လူအနည်းငယ်လောက်သာ ရှိတာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် အဆောက်အဦ ထိခိုက်ပျက်စီးတာတွေတော့ မရှိဘူးလို့လည်း သိရပါတယ်။
ဒါ့အပြင် ဒီကနေ့မှာ ဆဒုံးမြို့က စစ်ကောင်စီရဲ့ စုပေါင်းဂိတ်ကို KIA က သွားရောက်ပစ်ခတ်တာနဲ့ မြစ်ကြီးနား- မြစ်ဆုံလမ်းမကြီးမှာ စစ်ကောင်စီကား နှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရတာတွေလည်း ရှိခဲ့ပါတယ်။
ဓါတ်ပုံ- NUG(ပုံဟောင်း)







