ထားဝယ်အကျဉ်းထောင်မှာ နိုင်ကျဉ်းအမျိုးသားတစ်ဦးကို အပြင်ခေါ်ထုတ်ပြီး သတ်ဖြတ်

115

 

မတ်၊၂၈

တင်္နသာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်မှာ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ယောက်ကို မတ်လ ၁၆ ရက်နေ့က အပြင်ခေါ်ထုတ်ပြီး သတ်ဖြတ်မှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ဒီနေ့ မတ်လ ၂၈ ရက်နေ့ မှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရတဲ့ ကိုဝင်းသီဟကို သက်သေခံပစ္စည်းတွေလိုက်ပြဖို့ အကြောင်းပြချက်နဲ့ အကျဉ်းထောင်ထဲကနေ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ က ခေါ်ထုတ်သွားတာလည်း ဖြစ်ပါတယ်။

ခေါ်ထုတ်သွားပြီးနောက် သက်သေခံပစ္စည်း လိုက်ပြခိုင်းတဲ့အချိန် ထွက်ပြေးဖို့ကြံစည်တာကြောင့် ခြောက်လန့်ပစ်ခတ်ရင်း သေဆုံးခဲ့တာဖြစ်တယ်လို့ ထားဝယ်အကျဉ်းဦးစီးဌာနကနေ သိရှိရကြောင်း PPNM က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိသားစုဆီကို အခုထိအလောင်းလည်း မရသေးဘူး။ ကြည့်ခွင့်မရသေးပါဘူး။ အကျဉ်းဦးစီးက တာဝန်ရှိသူကတော့ မိသားစုကို အကြောင်းကြားထားတယ်။ သေဆုံးသွားပြီးဆိုပြီးတော့ပေါ့။ သူရဲ့ရုပ်အလောင်းကို မြင်တွေ့ခွင့်မရသေးဘူး”လို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မြစ်ကြီးနားသတင်းဂျာနယ် ကို ပြောပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုဝင်းသီဟကို စစ်ကောင်စီ ၂၀၂၂ ခုနှစ်ဇန်နဝါရီလထဲမှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ထားဝယ်ဇာတိဖြစ်တယ်လို့ သိရပါတယ်။

အကျဉ်းထောင်ပြင်ပကို ခေါ်ဆောင်ပြီး မတရားသတ်ဖြတ်ခံရတာကို နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်း UN က လူအခွင့်ရေးအဖွဲ့အစည်းတွေအနေနဲ့ ပြင်းထန်တဲ့ဖိအားပေးမှုတွေ လုပ်ဆောင်ပေးဖို့လည်း PPNM က ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။

အာဏာသိမ်းပြီးနောက် မတ်လ ၂၇ ရက်နေ့ထိ ပြည်သူ ၄,၇၉၁ ယောက်ကို စစ်ကောင်စီက သတ်ဖြတ်ထားပြီးတော့ မတရားဖမ်းဆီးခံရတဲ့ ပြည်သူ ၂၆,၄၅၂ ယောက်ရှိကာ အဲဒီထဲက ၂၀,၂၈၀ ယောက်က ထိန်းသိမ်းခံထားရဆဲတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ မတ်လ ၂၇ ရက် ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here