ဇွန်၊၆
ဝေးလံခေါင်ဖျား ဒေသတစ်ခုဖြစ်တဲ့ ခေါင်လန်ဖူးမြို့နယ် ရီဒမ်းကျေးရွာက စာသင်ကျောင်းဆောင်တွေ ရေထဲမျောပါသွားတာကြောင့် ကျောင်းသူ၊ကျောင်းသားတွေ စာသင်ကြားဖို့ အခက်ခဲဖြစ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့အပတ်က မိုးသည်းထန်ပြီး ရေကြီးခဲ့တာကြောင့် ရီဒမ်းကျေးရွာက စာသင်ကျောင်းဆောင် ၂ ဆောင် ရေထဲမျောပါသွားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကျောင်းမဖွင့်နိုင်ဘဲ စာသင်ကြားဖို့နဲ့ ပြန်လည်ဆောက်လုပ်ဖို့ အခက်ခဲဖြစ်နေတယ်လို့ ကျေးရွာနဲ့ နီးစပ်သူတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။
“ရီဒမ်းကျတော့ ကျောင်းဆောင်တွေ အကုန်ပါသွားတယ်ဆိုတော့ ကလေးတွေကို စာသင်ဖို့လည်း အခက်ခဲဖြစ်နေတယ်။ ပြီးရင် ကျောင်းဆောင်တွေ ပြန်ဆောက်လုပ်ဖို့လည်း အခက်အခဲဖြစ်နေတုန်းပဲ။“ လို့ ဆိုပါတယ်။
မိုးသည်းထန်ပြီး မြစ်ရေတွေမြင့်တက်လာတာကြောင့် ကျောင်းဆောင်တွေ မျောပါသွားခဲ့သလို ကျေးရွာက လူနေအိမ်တချို့လည်း မျောပါသွားခဲ့ပြီး လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
ဒါ့အပြင် မိုးကြီးရေလျှံမှုကြောင့် ရီဒမ်းကျေးရွာနားက ပေ ၁၅၀ ကျော်ရှည်တဲ့ မေခမြစ်ကူး တံတားလည်း ရေထဲမျောပါသွားခဲ့ပြီး လက်ရှိမှာတော့ တစ်ဖက်ကမ်းက ဒေသခံတွေ သွားရေးလာရေး ခက်ခဲဖြစ်နေတယ်လို့ ဆိုပါတယ်။
“ရီဒမ်းရွာနားက မေခမြစ်ကူးတံတား အရှည်ကြီးပဲ။ အဲဒါလည်း ပါသွားတယ်။ လမ်းပျက်တာ များတယ် လမ်းပြိုတာပေါ့။ ဟိုဘက်ခြမ်းမှာရှိတဲ့ရွာတွေက အဝေးကြီးကနေ ဝိုက်ပြီးသွားမှ ရတော့မှာ။” လို့ ပြောပါတယ်။
တောင်ပြိုမြေပြိုတာနဲ့ လမ်းပိုင်းပျက်စီးမှုတွေလည်း နေရာတော်တော်များမှာ ဖြစ်ပေါ်နေပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ရီဒမ်းကျေးရွာမှာ ကျောင်းသူ၊ကျောင်းသား အယောက် ၆၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ ယာယီကျောင်းဆောင် ဆောက်လုပ်နိုင်လည်းမရှိသေးသလို လမ်းခရီး ခက်ခဲတဲ့ အခြေအနေကြောင့် ပုံနှိပ်စာအုပ်တွေအပြင် စာသင်ကြားမယ့်ဆရာတွေလည်း မရောက်နိုင်သေးတဲ့အတွက် စာသင်ကြားဖို့ နှောင့်နှေးနိုင်တဲ့ အခြေအနေရှိနေပါတယ်။
ခေါင်လန်ဖူးမြို့နယ်ဟာ မြန်မာပြည်မြောက်ပိုင်းက လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသ တစ်ခုဖြစ်ပြီး ရာသီဥတုဆိုးရွားပြီး မိုးများရင် လမ်းပျက်စီးမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိသလို ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း မိုးသည်းထန်မှုကြောင့် လမ်းပိုင်းပျက်စီးမှုတွေ ရှိခဲ့ပါတယ်။