အောက်တိုဘာ၊၂
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ တပ်ရင်း ၁၄ လက်အောက်က ရှေ့တန်းစခန်းငယ်တစ်ခုကို ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။
ဝါရာဇွပ်ပြည်သူ့စစ် တပ်သားအင်အား ၂၀ ကျော်လောက်ဟာ KIA ရဲ့ ရှေ့တန်းစခန်း (ကနွယ်ဒူပို့စ်)ကို ဒီကနေ့မနက် ၄ နာရီခွဲလောက်က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်းဆုတ်လိုက်ရတယ်လို့ KIA တပ်ရင်း(၁၄)မှာရှိတဲ့ အရာရှိတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“သူတို့က ပြန်သိမ်းပြီး ပြန်သွားကြတယ်။ ၄ နာရီခွဲလောက်မှာ။ လူသုံးယောက်၊ လေးယောက်ပဲ ရှိတဲ့ ရှေ့တန်းစခန်းတစ်ခုပေါ့”လို့ အထက်ပါ KIA အရာရှိက ဆိုပါတယ်။
အဲဒီတပ်စခန်းဟာ ရှေ့တန်းစခန်းငယ်တစ်ခုသာဖြစ်ပြီး ဒီကနေ့မနက် ပြည်သူ့စစ် စစ်သားတွေ ဝင်ရောက်လာတဲ့အချိန် ၁၀ မိနစ်လောက် အပြန်အလှန် ပစ်ခတ်ကြပြီး KIAဘက်က ထိခိုက်သေဆုံးမှု မရှိပေမဲ့ လက်နက်ခဲယမ်းတချို့ ဆုံးရှုံးလိုက်ရတယ်လို့ KIA အရာရှိက ဆိုပါတယ်။
ငါးကန်နဲ့ ကနွယ်ဒူကြားမှာရှိတဲ့ စခန်းတစ်ခုကို ဒီကနေ့မနက်ပိုင်းက သွားရောက်တိုက်ခိုက်သိမ်းပိုက်ပြီးတော့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဝါရာဇွပ်ပြည်သူ့စစ်ခေါင်းဆောင် ဦးမင်းဇေသန့်ကလည်း မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။
“ကနွယ်ဒူပိုစ့်ကို ၅ နာရီလောက်မှာ သိမ်းပြီးတယ်လို့ သတင်းပို့တယ်။ သူတို့ကတော့ ထိခိုက်တာတွေရှိတယ်။ ဒဏ်ရာရတဲ့လူနာတွေကို ဆွဲခေါပြီးမှ သူတို့ဆုတ်သွားတာရှိတယ်။ အစ်ကိုတို့ကတော့ လက်နက်တွေ ခဲယမ်းတွေရလိုက်တာ ရှိတယ်ပေါ့နော် စခန်းရလိုက်တယ်ပေါ့။“လို့ ဦးမင်ဇေသန့်က ရှင်းပြပါတယ်။
အဲဒီ ရှေ့တန်းစခန်းဟာ ပြည်သူ့စစ်တပ်ဖွဲ့တွေနဲ့ နီးကပ်တာကြောင့် လိုအပ်ချက်အရ မဖြစ်မနေ ထိန်းချုပ်တဲ့သဘောဖြစ်ပြီး အဲဒီစခန်းမှာ စခန်းချတာတော့ မရှိဘူးလို့လည်း ပြောပါတယ်။
အဲဒီကနွယ်ပိုစ့်ဟာ ရှဒူးဇွပ်ကျေးရွာအနောက် ၂ မိုင်လောက်ဝေးတဲ့ နေရာမှာ တည်ရှိတာဖြစ်ပြီး အင်အား ၁၀ ဦး ဝန်းကျင်လောက်ပဲရှိတဲ့ ရှေ့တန်းစခန်း တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ရှိ အဲဒီဒေသဘက်မှာ နှစ်ဖက်လက်နက်ကိုင်တွေရဲ့ လှုပ်ရှားမှုတွေ ခပ်စိပ်စိပ်ရှိနေပြီး တိုက်ပွဲလည်း ဆက်လက်ဖြစ်ပွားနိုင်တဲ့ အနေအထားရှိတယ်လို့ ဆိုပါတယ်။
ဓါတ်ပုံ- KIA ရှေ့တန်းစခန်းငယ်တစ်ခု။(ပုံဟောင်းဖြစ်ပါသည်)







