CDM များအား ဈေးကူရောင်းပေးနေသည့် C Shopping Mall(CSM) ၏ တာဝန်ခံတစ်ဦးနှင့် အင်တာဗျူး။

283

“အပြင်မှာ အလုပ်ထွက်လုပ်ဖို့ကလည်း အများစုက အဆင်မပြေဘူး။ ဘာလို့လဲဆိုရင် ကုမ္ပဏီ တော်တော်များများ အလုပ်များများက CDM ဆိုရင် ပြဿနာတက်မှာစိုးလို့ အလုပ်မခန့်ရဲကြဘူး။”

CDM များအား ဈေးကူရောင်းပေးနေသည့် C Shopping Mall(CSM) ၏ တာဝန်ခံတစ်ဦးနှင့် အင်တာဗျူး။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူတွေဟာ စစ်ကောင်စီကို နည်းလမ်းအမျိုးမျိုး နဲ့ ၂ နှစ်ကျော် ကြာတဲ့အထိ တော်လှန်နေဆဲဖြစ်ပြီး အဲဒီအထဲက အကြမ်းမဖက်အာဏာဖီဆန်ရေး(Civil Disobedience Movement- CDM) မှာ ပါဝင်ပြီးတော့ လက်ရှိအချိန်ထိ တောင့်ခံနေသူတွေလည်း အများအပြားရှိနေဆဲပါ။

လတ်တလော CDM တွေရဲ့အခက်အခဲတွေ နဲ့ပတ်သက်ပြီးတော့ CDM တွေကို စျေးရောင်းဖို့ ကူညီပေးနေတဲ့ C Shopping Mall(CSM) ရဲ့ တာဝန်ခံတစ်ဦးဖြစ်တဲ့ ရေဘဝဲလုံးလေးနဲ့ မြစ်ကြီးနားသတင်းဂျာနယ်တို့ မေးမြန်းထားတာကို တင်ဆက်ပေးလိုက်ပါတယ်။

MNJ – အစ်မ နာမည်နဲ့ အခုတာဝန်ယူထားတဲ့အပိုင်းလေး မိတ်ဆက်ပေးပါ။

CSM – ညီမနာမည် တော်လှန်ရေးနာမည်က ရေဘဝဲလုံး ပါ။ CSM Page ရဲ့ Admin တာဝန်ယူထားပါတယ်။

MNJ – C Shopping Mall အကြောင်းလေး အရင်ရှင်းပြပေးပါဦး။

CSM – C Shopping Mall ဖြစ်လာတာကတော့ Page မှာ Pin Post ထောက်ပေးထားတာလည်း ဝင်ကြည့်လို့ရတယ်။ ဒီ Page မထောင်ခင်က အစ်မကိုယ်ပိုင်အကောင့်ကနေ အသိမိတ်ဆွေတွေထဲက CDM တွေရဲ့ ပစ္စည်းလေးတွေ သူတို့အရောင်းအဝယ်လုပ်တဲ့ ရောင်းတာလေးတွေကို ညီမက ကူပြီးတော့တင်ပေးတယ်။ Post လေးတွေအောက်မှာ C Shopping Mall ဆိုပြီး Hashtag လေးတွေ ခံပေးတယ်။ အဲဒါကို သူငယ်ချင်းတစ်ယောက်ကနေပြီးတော့ ကိုယ်ပိုင်အကောင့်မှာ တင်မယ့်အစား Page လေးထောင်ပြီး CDM အတွက် ပစ္စည်းလေးတွေကို ကူရောင်းပေးတော့ ပိုပြီးတော့ကူညီနိုင်မယ်လို့ အကြံပေးလာတဲ့အတွက် အဲဒီအကြံလေးကိုသဘောကျပြီး ထောင်ဖြစ်လိုက်တယ်။ အစပိုင်းမှာ အသိမိတ်ဆွေသူငယ်ချင်းတွေပဲ ရောင်းဖြစ်တာ။ နောက်ကျတော့ သိရင်းသိရင်း လာလာရောင်းကြတယ်ဟာတွေထဲကမှ တစ်ဖြည်းဖြည်း ပိုသိလာတော့ CDM တွေ တစ်ဖြည်းဖြည်း ညီမဆီ တော်တော်ဆက်သွယ်လာပြီး C shopping Mall Page လေးထဲ မှာရောင်းပေးရတဲ့ အရေအတွက်တော်တော် များလာပါတယ်။

MJN – လက်ရှိ CDM တွေ နှစ်ကြာလာတာနဲ့အမျှ ဘာလုပ်ငန်းတွေ လုပ်ကိုင်နေရလဲ။

CSM – လက်ရှိ CDM တွေ နှစ်ကြာလာတာနဲ့အမျှ Page ထဲမှာ ဆိုရင် သူတို့ရဲ့တစ်ပိုင်တစ်နိုင် စီးပွားရေးလေးတွေ ဥပမာ ချည်ထိုးတတ်တဲ့သူက ချည်ထိုး လက်မှုပညာရတဲ့သူကလည်း လက်မှုပညာ ရတဲ့သူလည်း ရှိတယ်။ Page ထဲမှာ ရောင်းတာလေးတွေကို တွေ့မှာပါ။ ချည်ထိုးပန်းထိုး ပန်းချီ Handmade လက်ရာလေးတွေပါမယ်။ စားသောက်ကုန်လူသုံးကုန် ပစ္စည်းရောင်းတာလေးတွေပါမယ်။ တချို့ဘာတွေလုပ်ကိုင်ကြလည်းဆိုတော့ တော်တော်များများက အပြင်မှာ လုပ်ငန်းခွင်ဝင်ဖို့ အဆင်မပြေကြဘူးဆိုတော့ အရောင်းဝယ် လုပ်တဲ့ဘက်ကို ပိုသွားကြတာများတယ်။ နေ့စားလုပ်နေတာတွေ ကိုပိုင်စီးပွားရေး အသေးစားလေး လုပ်နေတာလည်း ရှိတယ်။

MNJ – C Shopping Mall ကရော CDM တွေအတွက် ဘယ်လိုကူညီပေးနေလဲ။

CSM – ညီမတို့က CDM မဟုတ်ပေမဲ့ CDM တွေကို ကူညီဖို့ Page တွေထောင်ထားတာပါ။ CDM အကို၊ ညီ ၊ညီမ၊ အမတွေက သူတို့ရောင်းချင်တဲ့ ပစ္စည်းလေးတွေကို လာပို့တယ်။ စျေးနှုန်းလေးတွေနဲ့ အဲဒါကို ညီမတို့တွေက စျေးလေးတွေနဲ့တင်ပေးတယ် Stock ရှိရင် ရှိတယ်။ မရှိရင် မရှိဘူးပေါ့။ ညီမတို့က အလယ်ကနေ Third Party ပုံစံမျိူးပါ။ ရောင်းတဲ့သူနဲ့ ဝယ်သူကြား ကြားဝင်ပေးတဲ့ ပုံစံပါ။ ရောင်းပေးတဲ့အတွက်လည်း Percentage(အကျိုးအမြတ် ရာခိုင်နှုန်း) တစ်ကျပ်တောင် မယူပါဘူး။

MNJ – CSM ကနေ ချိတ်ဆက်ထက်ထားတဲ့ CDM တွေ အရေအတွက် ခန့်မှန်း ဘယ်လောက်လောက်ရှိလဲ။

CSM – တော်လှန်ရေးကာလ ၂ နှစ်ကျော်ကာလအတွင်း ညီမတို့စျေးကူရောင်းပေးရတဲ့ CDM အရေအတွက်က ခန့်မှန်းခြေ ၂၀၀၀ နီးပါးလောက်ရှိပါတယ်။

MNJ -အခုလုပ်နေတဲ့ CDM တွေ တော်လှန်ရေးကြာလာတာနဲ့အမျှ ဘာလုပ်ငန်းအမျိုးစားတွေကို လုပ်ကိုင်နေရလဲ၊ ဘယ်လိုတွေခက်ခဲကျပ်အတည်းတွေ ရှိနေကြလဲ၊ သိသလောက်လေး ပြောပေးပါဦး။

CSM – CDM တွေရဲ့အခက်အခဲကို ညီမသိသလေက်ပြောပြရရင်တော့ အပြင်မှာ အလုပ်ထွက်လုပ်ဖို့ ကလည်း အများစုက အဆင်မပြေဘူး။ ဘာလို့လဲဆိုရင် ကုမ္ပဏီ တော်တော်များများ အလုပ်များများက CDMတွေဆိုရင် မခန့်ရဲဘူး။ ပြဿနာတက်မှာစိုးလို့ အလုပ်မခန့်ရဲကြဘူး။ အလုပ်ရှာတဲ့အပိုင်းမှာ ခက်ခဲတော့ လက်မှုပညာတတ်တဲ့သူက လက်မှုပညာလေးတွေနဲ့ တစ်ပိုင်တစ်နိုင် စီးပွားရေးအသေးစားတွေ အပြင်မှာစျေးရောင်းတာ အဲဒီလိုမျိုးလေးတွေ ရပ်တည်နေရတယ်။ အခက်အခဲ အကျပ်အတည်း ကတော့ တော်တော်များတယ်။ တော်လှန်ရေးကလည်း ၂ နှစ် ကျော် ၃ နှစ် နီးပါးကိုရောက်နေပြီ ဆိုတော့လည်း ပါဝင်အားထုတ်တဲ့သူတွေက ပင်ပန်းလာတယ်။ ငွေအားဖြင့်လည်း ပန်းလာတဲ့အချိန် မြေပြင်ကိုကူရတယ်။ တစ်ခြားအပိုင်းတွေဖြစ်တဲ့ စီးပွားရေးရိုက်ခတ်မှုတွေကလည်းရှိတော့ သူတို့အတွက်က မြေပြင်ကိုလည်း ကူညီနေရတော့ CDM တွေကို Support တဲ့အပိုင်းမှာ တော်တော်အားနည်းသွားကြတယ်။ တော်လှန်ရေးအစပိုင်းမှာ CDM Support ဆိုပြီးတော့ အဖွဲ့အစည်းတွေလည်းရှိတယ်။ လူပုဂ္ဂိုလ် ရှိတယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ CDM Support ဆိုတဲ့ဟာက မရှိသလောက်ကို ရှားသွားတဲ့ အခြေအနေတော့ ဖြစ်သွားတယ်။

MNJ – CDM တွေကို ကူညီဖို့ပြည်သူတွေအနေနဲ့ ဘယ်လိုမျိုးတွေပါဝင်ဆောင်ရွက်သင့်လဲ။ အခုလက်ရှိမှာရော သွေးအေးနေပြီလား။ အမြင်လေးဖြေပေးပါဦး။

CSM – C Shopping Mall Page လေးကနေ ပစ္စည်းတွေဝယ်ယူအားပေးတာကလည်း တစ်ဖက်တစ်လမ်းကနေ CDM တွေကို အားပေးတာ Support ပေးတာပါပဲ။ လိုချင်တာ လိုအပ်တာလေးတွေရှိရင် ဒီကနေ ဦးစားပေးဝယ်ပေးရင်းနဲ့ CDM တွေကိုထောက်ပံပေးပါလို့ မေတ္တာရပ်ခံပါတယ်။ ကိုယ်ကတတ်နိုင်တယ်ဆိုရင် ပစ္စည်းဝယ်ယူရုံတင်မကဘူး၊ ဒီထက်တတ်နိုင်သေးတယ်ဆိုရင် ကိုယ်တတ်နိုင်သလောက်လေး ပမာဏာနဲ့ လစဉ်ကြေး Support ပေးမယ်ဆိုရင် CDM တွေအတွက် နည်းနည်းလေး ပိုပြီးအဆင်ပြေပါတယ် ။ပြည်သူတွေ သွေးအေးနေလားဆိုတော့လည်း သွေးမအေးဘူး။ ဒါပေမဲ့ တော်လှန်ရေးကို အားစိုက်တဲ့သူတွေ နည်းလာတာတော့မြင်နေရတယ်။ တစ်ဖြည်းဖြည်းနဲ့ အပျော်အပါးဖက် လိုက်လာတဲ့သူတွေများတယ်။ တော်လှန်ရေးကလွဲရင် ကျန်တာစိတ်ဝင်စားတာ Facebook ပေါ်မှာ တော်လှန်ရေးပရောဂျက်တွေ Post တွေဆို Reach က သိပ်မရောက်ပေမဲ့ အရည်မရအဖတ်မရပွဲတွေကို လူတွေအရမ်းစည်းကားနေတာတွေ ရှိတယ်။ ပရောဂျက်တွေဆို Fail တာရှိပေ့မဲ့ ဒီလိုတွေဖြစ်နေတော့ အားစိုက်မှုအပိုင်းမှာ တော်တော်လေး လျော့နည်းသွားတာကတော့ မြင်နေရတယ်။

MNJ – နောက်ဆုံး မှတ်ချက်ပြုပြောချင်တာရှိရင် ပြောပေးပါ။

CSM – မှတ်ချက်ပြုတာထက် တိုက်တွန်းစကားအနေနဲ့ကတော့ CDM တွေဆိုတာ နွေဦးတော်လှန်ရေးမှာ ပထမဆုံးသူရဲကောင်းတွေပါ။ CDM ကစပြီး မြေပြင်တွေထောက်ပို့ အကုန်လုံးပေါ့နော်။ ဆက်စပ်ပြီးတော့ အများကြီးတိုးတက်ပြီးဖြစ်လာတာ CDM တွေက ပထမဆုံးသူရဲကောင်းပေါ့နော်။ အခု ကုန်စျေးနှုန်းတွေတက်တယ်။ စီးပွားရေးကျပ်တည်းတယ်။ ထောက်ပို့ရမယ့် နေရာတွေအရမ်းများတယ်။ လိုအပ်ချက်တွေအရမ်းများလို့ ပရောဂျက်တွေအများကြီး ဖြည့်ဆည်းပေးနေရတော့ CDM တွေဘက်ကို အားနည်းသွားတယ်ဆိုပေမဲ့ CDM တွေကို ပစ်မထားပါနဲ့လို့ ပြောချင်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here