
“အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်ဖို့အတွက် တည်ဆောက်ထားတဲ့ နေရာတွေဖြစ်လာတယ်။” မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးနဲ့ (အင်တာဗျူး)
————–
အာဏာသိမ်းကာလ သုံးနှစ်နီးပါးကြာမြင့်လာချိန်မှာတော့ နိုင်ငံအနှံ့က အကျဉ်းထောင်တွေမှာ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အများအပြား ရှိလာပါတယ်။
အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်နေ့ထိ မတရားဖမ်းဆီးခံရတဲ့ အပြစ်မဲ့ပြည်သူ ၂၅,၇၉၉ ယောက်ရှိနေပြီး အဲဒီအထဲက ၁၉,၉၁၁ ယောက်ဟာ ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ စာရင်းတွေအရ သိရပါတယ်။
မတရားဖမ်းဆီးထိန်းသိမ်းခံရသလို အကျဉ်းထောင်တွေမှာလည်း နှိပ်စက်မှုတွေ ခံနေရပြီး နိုင်ငံရေးအကျဉ်းသားတွေ ကြုံတွေနေရတဲ့ အခြေအနေတွေကို နိုင်ငံရေးအကျဉ်းသားတွေကို ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ပေးနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကို မြစ်ကြီးနားသတင်းဂျာနယ်က မေးမြန်းထားပါတယ်။
မေး – အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့က အကျဉ်းထောင်တွေမှာ နိုင်ကျဉ်းတွေ ဘယ်လိုဖိနှိပ်မှုမျိုး ခံနေရလဲ။
ဖြေ – အာဏာသိမ်းပြီးကတည်းက အကျဉ်းထောင်တွေက ပုံမှန်ဆိုရင် နိုင်ငံရေးအကျဉ်သားတွေ အပါအဝင် ဖမ်းဆီးရမိတဲ့ အကျဉ်းသားအားလုံးကိုထိန်းသိမ်းရမယ့်နေရာ တစ်နေရာပဲ ဖြစ်ရမယ်။ အဲဒီနေရာ ရောက်ရှိလာသူတွေကို အကောင်းဆုံး ကာကွယ်စောင့်ရှောက်ပြီး ထောက်ပံ့မှုတွေနဲ့ ပြန်ပြီးမှ လွှတ်ပေးရမှာ ဖြစ်တယ်။ တခြားရာဇဝတ်မှုတွေဆိုလည်း ကောင်းမွန်စွာနဲ့ အသက်ရှင် ရပ်တည်နိုင်ဖို့ သင်ကြားပေးရမယ့်နေရာဖြစ်တယ်။ သို့သော်လည်းပဲ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်ဖို့အတွက် တည်ဆောက်ထားတဲ့ နေရာတွေဖြစ်လာတယ်။ ဘယ်လောက်ထိ ဆိုးရွားသွားလဲဆိုရင် ဒီအကျဉ်းထောင်တွေအတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်ညှင်းပန်းပြီး တိုက်ပိတ်တာတွေ၊ အဲဒီထက်ဆိုးရွားတာဆိုရင် အကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အပြင်ခေါ်ယူထုတ်ပြီးမှ သတ်ပစ်တာမျိုးတွေ၊ ဒီလောက်ထိကျုးလွန်တာမျိုးတွေ အာဏာသိမ်းပြီနောက်ပိုင်း သိသိသာသာ တိုးပွားလို့လာနေပါတယ်။
မေး – အစ်ကိုတို့ သိသလောက် ဘယ်အကျဉ်းထောင်တွေက အဆိုးဆုံးအခြေအနေတွေ ရင်ဆိုင်နေရလဲ။ ဘယ်လိုပုံစံလဲ။
ဖြေ – ကျွန်တော်တို့စုံစမ်းရရှိထားတာနဲ့ မှတ်တမ်းကောက်ယူထားတာဆိုရင် အင်းစိန်အကျဉ်းထောင် ၊ အိုးဘိုအကျဉ်းထောင်၊ မြင်းခြံအကျဉ်းထောင်၊ ဒိုက်ဦးအကျဉ်းထောင်၊ ပုသိမ်အကျဉ်းထောင် ၊ကလေးအကျဉ်းထောင်၊ ဒီအကျဉ်းထောင်တွေက တော်တော်လေးကိုမှ ဆိုးရွားတဲ့ အကျဉ်းထောင်တွေဖြစ်တယ်။ ဒီထဲမှာ သာယာဝတီအကျဉ်းထောင်လိုမျိုး အကျဉ်းသားတွေကို ဖိနှိပ်မှုမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အကျဉ်းထောင်တွေ ဖြစ်လာသလို ရှိနေသလိုမျိုး ဒိုက်ဦးအကျဉ်းထောင်ကလည်း အာဏာသိမ်းပြီးနောက်ပိုင်းမှာ အကျဉ်းသားတွေကိုဖိနှိပ်တယ်ဆိုတဲ့ နာမည်ကြီးလာတဲ့ ထောင်တွေဖြစ်လာတယ်။ တခြားအကျဉ်းထောင်တွေမှာလည်း ဖိနှိပ်မှုတွေရှိပေမဲ့ ဒီအကျဉ်းထာင်မှာ ကြုံတွေရသလိုမျိုးထက် နည်းပါတယ်။ အပေါ်မှာ ပြောထားတဲ့ အကျဉ်းထောင်တွေဆို အကျဉ်းသားတွေဝင်လာပြီဆို ပုံစံပေးတာမျိုးရှိတယ်။ ပုံစံပေးတာက အကျဉ်းထောင်ထဲမှာ နေရတဲ့ပုံစံ ဘယ်လိုနေထိုင်ရမယ်။ အဲဒီလိုပြောနေချိန်မှာလည်း ပါးစပ်နဲ့ပြောနေတာမဟုတ်ဘူး။ ရိုက်နှက်မှုတွေရှိတယ်။ ဝင်လာတဲ့အချိန်မှာ အကျဉ်းသားတော်တော်များများခံရတဲ့ ရိုက်နှက်မှုတွေပေါ့နော်။ အဲဒါတွေအပြင် လူဦးရေ ၇၀ ထားရမယ့် အခန်းမှာ ၁၀၀ လောက်ထားတယ်။ ပြည့်ကျပ်စွာ ထားတာမျိုး၊ သောက်သုံးရေတွေကို ခဲရေနဲ့ သောက်ရတာမျိုး၊ သောက်သုံးရေမသန့်ရှင်းတာတွေ၊ အခန်းတွင်းမှာ အိမ်သာမလုံလောက်တာတွေ၊ အကျဉ်းထောင်မှာရှိတဲ့ အကျဉ်းသားနဲ့ အိမ်သာမမျှတာမျိုးတွေ၊ ဒါတွေက အကျဉ်းသားတွေကို ဥပဒေကြောင်းအရ ဖိနှိပ်နေတဲ့ပုံစံမျိုးတွေ ဖြစ်တယ်။ အကျဉ်းသားတွေထဲမှာ သူတို့ကို ထောက်ပြတဲ့သူတွေ ဝေဖန်တဲ့သူတွေ စည်းရုံးလှုံ့ဆော် အားကောင်းသူတွေ ထောင်အာဏာပိုင်ကို အမြဲတစေထောက်ပြဝေဖန်တဲ့သူတွေကိုဆိုရင် ပိုပြီးတော့မှ မှတ်ထားပြီး အကြောင်းပြချက်တွေပေး ညှင်းပန်းနှိပ်စက်တာမျိုး ရိုက်နှက်တာမျိုးတွေထိ ကျုးလွန်တာရှိတယ်။
မေး – တိုက်ပွဲဖြစ်ပွားနေတဲ့နေရာက အကျဉ်းထောင်တွေမှာရော နိုင်ကျဉ်းတွေဘယ်လိုခံစားနေရလဲ။
ဖြေ – တိုက်ပွဲဖြစ်ပွားတဲ့နေရာမှာဆိုရင် အကျဉ်းထောင်ထဲကို လက်နက်ကြီးကျတာမျိုးတွေပါ ရှိတတ်တယ်။ အဲဒီအကျဉ်းထောင်တွေကတော့ ပုံမှန်အကျဉ်းထောင်တွေထက် အသက်အန္တာရာယ်တွေပါ စိုးရိမ်ရတယ်။ အချိန်မရွေးလည်း လက်နက်ကြီးကျတာကြောင့်ဖြစ်ဖြစ် စစ်ကောင်စီရဲ့ လူသားတံတိုင်း အသုံးပြုလို့ပဲဖြစ်ဖြစ် သေဆုံးသွားနိုင်တဲ့ အခြေအနေမှာရှိတယ်။ အဲဒီတော့ အဲဒီမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ခံစားမှုကိုတော့ ကျွန်တော်တို့ ကိုယ်တိုင်တောင်မှ ဝင်ပြီးခံစားဖို့ တော်တော်လေးကိုမှ ခဲယဉ်းပါတယ်။ သူတို့ရဲ့ ခံစားမှုတွေကို ပြောပြနေရုံလောက်နဲ့ ထိရောက်မှာ မဟုတ်ဘူး ။ အဲဒီမှာရှိတဲ့သူတွေကတော့ ပုံမုန်အကျဉ်းထောင်မှာ ရှိတဲ့သူတွေထက် ပိုမိုဆိုးရွားတဲ့ စိတ်ပင်ပန်းမှုတွေ ခံစားနေကြရတာ ဖြစ်ပါတယ်၊။
မေး – အခုတော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှ နိုင်ကျဉ်းအရေအတွက်တွေ များလာတယ်ပေါ့။ နောက်ဆက်တွဲ သူတို့တွေရဲ့ မိသားစုအခက်အခဲတွေရော ဘယ်လိုရင်ဆိုင်နေရလဲ။
ဖြေ – အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အရေအတွက်က တဖြည်းဖြည်း များလို့လာနေတယ်။ ပိုပြီးဆိုးသွားတာက အကျဉ်းထောင်ထဲမှာ ဖိနှိပ်ညှင်းပန်းမှုတွေက ၂၀၂၂ -၂၀၂၃ မှာ အဆိုးရွားဆုံးအခြေအနေတွေ တဖြည်းဖြည်းတိုးလာတယ်။ အာဏာသိမ်းပြီးချိန်ကနေ ယှဉ်မယ်ဆိုရင် ဒီလိုမျိုးအခြေအနေမှာ မိသားစုတွေက အကျဉ်းထောင်အတွက် စိတ်ပူပင်ရတယ်။ ငါတို့အကျဉ်းထောင်မှာ ရှိနေတယ် မိသားစုဝင်တွေ ကျန်းမာရေးအဆင်ပြေပါ့မလား။ နေရေးထိုင်ရေး စားရေးသောက်ရေးအဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေနဲ့ မိသားစုတွေက ရင်ဆိုင်နေကြရတယ်။ ဒါ့အပြင် အကျဉ်းထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက မိသားစုနဲ့ အဝေးဆုံးထောင်တွေကို ပို့တဲ့အခါမှာ အထွေထွေအကျပ်တည်းတွေကြောင့်မို့ ဒုက္ခရောက်နေတဲ့ မိဘပြည်သူတွေက မိမိတို့ရဲ့ သားသမီးတွေကို ပါဆယ်ပို့ဖို့အတွက်ဆိုရင် ပါဆယ်ပို့မယ့် ကုန်ကျငွေက ငါးသောင်းနဲ့တစ်သိန်းကြားပဲ ကုန်တယ်ဆိုရင် လမ်းစရိတ်က နှစ်သိန်းခွဲနဲ့သုံးသိန်းကြားမှာ ကုန်တယ်။ ပုံမုန်တစ်လတစ်ကြိမ်ပို့နိုင်တဲ့ မိသားစုက နှစ်လမှတစ်ကြိမ် သုံးလတစ်ကြိမ်ပဲ ပို့နိုင်တော့တယ်။
မေး – အမျိုးသမီးနဲ့ LGBT အကျဉ်းသားတွေ ရင်ဆိုင်နေရတဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေ ဘယ်လိုရှိနေလဲ။
ဖြေ – အကျဉ်းထောင်တွေမှာ အမျိုးသမီးတွေအပြင် LGBTQ+ တွေပါ ရှိတယ်။ ဘာလို့လဲဆိုတော့ အကျဉ်းထောင်တွေမှာ ညှင်းပန်းနှိပ်စက်ခံရတာက LGBTQ + တွေလည်း ခံရတယ်။ ဒီထဲမှာမှတချို့ဆို ဝန်ထမ်းတွေရဲ့ ထိကပါးရိကပါးလုပ်မှုတွေ တခြားရာဇဝတ်အကျဉ်းသားတွေရဲ့ ထိကပါးရိကပါးလုပ်တာတွေ တစ်ခါတလေဆို လိင်ပိုင်းဆိုင်ရာအရ စော်ကားမှုတွေပါ ခံနေရတာဖြစ်ပါတယ်။
မေး – မေးထားတာတွေရဲ့ နောက်ဆက်တွဲ ဖြည့်စွက်ပြီးဖြေချင်တာဖြစ်ဖြစ် ပြည်သူတွေကိုပြောချင်တာဖြစ်ဖြစ် ရှိရင်ပြောပေးပါ။
ဖြေ – ထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေက အကြောင်းရာပေါင်းစုံ နဲ့ ဖိနှိပ်မှုကို ခံနေရတယ်။ ဒါ့ အပြင် အကျဉ်းထောင်ထဲမှာ နေစဉ်ကာလအတွက် အသက်ရှင်ရပ်တည်နိုင်ဖို့ အတွက်ဆိုရင် အိမ်က ပါဆယ်ပို့ရတာနဲ့ အဓိကရပ်တည်နေကြရတာ ဖြစ်တယ်။ အကျဉ်းထောင်ထဲမှာ ကျွေးနေတဲ့ အခြေခံစားသောက်ကုန်တွေက အကျဉ်းသားတစ်ယောက်အတွက် လုံလောက်တဲ့ စားသောက်မှုပုံစံမျိုးမဟုတ်ဘူး။ အကျဉ်းထောင်မှာ အကျဉ်းသားတစ်ယောက်ကို တစ်ပတ်ကို ကြက်သား လေးတုံးပဲပေးတယ်။ ကြားထဲမှာ ပဲဟင်းနဲ့ တာလဘောဟင်းပေးတာရှိတယ်။ တစ်နပ်ကို တစ်တုံးပဲ စားရင်တောင် နှစ်ရက်ပဲ စားလို့ရမယ်။ တစ်ပတ်လုံးမှာမှ လေးနှပ်ပဲဲစားလို့ရတာ ထုတ်ပေးနိုင်တဲ့ အကျဉ်းထောင်တွေမှာ မိသားစုပို့တဲ့ ထောင်ဝင်စာတွေကို အဓိက မျှော်ကိုးရတာ ဖြစ်တယ်။ တစ်ခါတစ်ခါမှာ ထောင်ဝင်စာ ကန့်သတ်တာမျိုးတွေ၊ ပစ္စည်းအရေအတွက်တွေကို ပို့သမျှမရောက်တာမျိုးတွေ ရှိတယ်။ ဒါတွေက အကျဉ်းထောင်တိုင်းမှာရှိတဲ့ အကျဉ်းသားတွေကို တစ်ဖက်လှည့်နဲ့ အားနည်းသွားအောင် ကိုယ်ခံအားတွေနည်းသွားအောင် စိတ်ပိုင်းဆိုင်ရာ အားနည်းသွားအောင် အကျဉ်းထောင်က လုပ်နေတာမျိုး ဖြစ်ပါတယ်။ဒီထက်ပိုပြီးဆိုးတာက အကျဉ်းထောင်ထဲမှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိတဲ့အတွက် ပွေးဝဲယားနာက အဆိုးဆုံး နှလုံးရောဂါ ကျောက်ကပ်ရောဂါ ဖြစ်တဲ့အထိ ဖြစ်နေတဲ့သူတွေများစွာရှိတယ်။ ဒီလူတွေအတွက်ဆိုရင် အိမ်ကပို့တဲ့ ထောင်ဝင်စာထဲမှာ ဆေးဝါးတွေ ပိတ်ခံရတယ်။ အဲဒီအတွက် ကျွန်တော်တို့ ၂၀၂၃ မှာဆိုရင် ထောင်ထဲမှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိလို့ သေဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ စုစုပေါင်း ၁၇ ယောက်ထိရှိခဲ့တယ်။ ဒါက ကောက်ယူရရှိထားတဲ့ ဒေတာ ပေါ်မှာပဲ ပြောခြင်းဖြစ်ပါတယ်။ မြေပြင်မှာ လက်လှမ်းမမီတဲ့ အကျဉ်းထောင်တွေရှိသေးတယ်။ အဲဒီမှာဆိုရင် ဒီထက်ပိုပြီးမှလည်း အရေအတွက်က များဖို့ပဲရှိပါတယ်။ ပြည်သူတွေ အနေနဲ့ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားကြရတဲ့ မတရားအမိန့်ချခံထားရတဲ့ ပြည်သူအားလုံးအတွက် တော်လှန်ရေးမှာလည်း အားစိုက်ပေးကြဖို့ပေါ့နော်။ အကျဉ်းထောင်ထဲက ပြည်သူတွေကို ထောက်ပံကူညီမှုတွေ လုပ်ပေးကြဖို့ ကျွန်တော်တို့အနေနဲ့ မေတ္တာရပ်ခံလိုပါတယ်။ တော်လှန်ရေးအမြန်အောင်မှ အထဲက သူတွေအမြန်ဆုံးလွတ်မယ်။ မတရားဖမ်းဆီးခံထားရတဲ့ ပြည်သူတွေမှာ မတရားပုဒ်မတွေ ခတ်ခံထားရသလို လူသတ်မှုတွေ ဆေးမှုတွေပါတယ်။ ဒါတွေကို စနစ်တကျစီစစ်ပြီးမှ အကောင်းဆုံး အချက်အလက်တွေ ရအောင်ကြိုးစားနေပါတယ်။