စောအားလ်ဒို၊ ကရင်နီပြည်နယ် ကြားကာလလွှတ်တော် ဒုတိယဥက္ကဌ (၁) နှင့်အင်တာဗျူး

108

အင်တာဗျူး

“ကရင်နီပြည်နယ် ကြားကာလလွှတ်တော်ဟာ ပြည်သူ့ဘက်မှာ ရပ်တည်ပြီး စစ်ကောင်စီကို နိုင်ငံရေးနည်းနဲ့ တော်လှန်ဖျက်ဆီးသွားမယ်” စောအားလ်ဒို၊ ကရင်နီပြည်နယ် ကြားကာလလွှတ်တော် ဒုတိယဥက္ကဌ (၁)

လက်နက်ကိုင်တော်လှန်ရေး အားကောင်းနေတဲ့ ကရင်နီပြည်နယ်မှာတော့ လတ်တလောမှာလည်း ၁၁.၁၁ စစ်ဆင်ရေးကို ဖော်ဆောင်နေပါတယ်။

တစ်ချိန်တည်းမှာပဲ ကရင်နီပြည်နယ် ကြားကာလလွှတ်တော်ကိုလည်း ဖွဲ့စည်းလိုက်တယ်လို့ ဒီရ်က်ပိုင်းထဲမှာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားတယ်။

လတ်တလောအခြေအနေတွေနဲ့ ကရင်နီပြည်နယ်ကြားကာလလွှတ်တော် ဖွဲ့စည်းတာနဲ့ ပတ်သက်ပြီးတော့ လွှတ်တော် ဒုတိယဥက္ကဌ (၁)စောအားလ်ဒိုကို မြစ်ကြီးနားသတင်းဂျာနယ်က ဆက်သွယ်မေးမြန်းထားပါတယ်။

MNJ – ဆရာနာမည်နဲ့ရာထူးလေး အရင်မိတ်ဆက်ပေးပါ။

SRD – ဟုတ်ကဲ့ပါ။ ကျနော့်နာမည်က စောအားလ်ဒိုပါ။ ကရင်နီပြည်နယ် ကြားကာလလွတ်တော်မှာ ဒုတိယဥက္ကဌ(၁)အဖြစ် တာဝန်ယူထားပါတယ်ခင်ဗျာ။

MNJ – ကရင်နီပြည်နယ်ကြားကာလ လွှတ်တော်ဖွဲ့စည်းတာနဲ့ပတ်သက်ပြီး အရင်ရှင်းပြပေးပါ။

SRD – အဓိကကတော့ ထုတ်ပြန်ချက်မှာပါတဲ့အတိုင်း ကျနော်တို့ ကရင်နီပြည်ကြားကာလလွတ်တော် ဖွဲ့စည်းထားမှုအခြေနေတွေ လုပ်ငန်းစဉ်တွေကို လူထုနဲ့ ပြည်တွင်းပြည်ပက နိုင်ငံရေး အင်အားစုတွေက သိရှိနားလည်ပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ပါ။ တစ်နည်းအားဖြင့်ပြောရရင် ကျနော်တို့ ကရင်နီကြားကာလလွှတ်တော်ဟာ ပြည်သူ့ဘက်မှာ ရပ်တည်ပြီး စစ်ကောင်စီကို နိုင်ငံရေးနည်းနဲ့ တော်လှန်ဖျက်ဆီးသွားမယ်ဆိုတာပဲ။

MNJ – ကြားကာလလွှတ်တော်မှာ ဘယ်သူတွေပါဝင်လဲ။ ဘယ်လိုရွေးချယ်ထားတာတွေရှိလဲ။

SRD – ကရင်နီပြည်ရဲ့ ကြားကာလအစီမံမှာ ကရင်နီပြည်နယ်၏ ဉပဒေပြုနိုင်ရန် အတွက် ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီတွင် ရေးဆွဲအတည်ပြု ပြဌာန်းထားသော ဖယ်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်ပိုင်း ၁-၂ နှင့် ကရင်နီပြည်နယ်၏ ကြားကာလ အစီအမံများကို လက်ခံသဘောတူ၍ ပူးပေါင်းဆောင်ရွက်သည့်အပြင် အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုနှင့် လုံးဝ ပူးပေါင်းဆောင်ရွက်ခြင်း မပြုသော ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များဖြင့် ကြားကာလ ကရင်နီပြည်နယ် ဥပဒေပြုရေးကော်မတီကို စုပေါင်းဖွဲ့စည်း၍ ပြည်နယ်၏ ဥပဒေပြုရေးအာဏာအား အပ်နှင်းသည်လို့ ပါရှိပါတယ်။ ဒီပုဒ်မမှာပြောတဲ့ ဥပဒေပြုရေး ကော်မတီဆိုတာ လက်ရှိ ကရင်နီပြည်ကြားကာလလွှတ်တော်ကို ရည်ညွှန်းတာပဲဖြစ်တယ်။ ဒါကြောင့် ကရင်နီပြည်ကြားကာလလွှတ်တော်ကို ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲမှာ အနိုင်ရပြီး NUCC က ရေးဆွဲပြဌာန်းထားတဲ့ ချာတာအစိတ်ပိုင်း ၁- ၂ နဲ့ ကရင်နီပြည်နယ်ကြားကာလအစီမံကို လက်ခံသဘောတူ ပူးပေါင်းနိုင်သူ၊ ပြီးတော့ အကြမ်းဖက် စစ်ကောင်စီနဲ့ မပူးပေါင်းတဲ့ လွှတ်တော်ကိုယ်စားလှယ် (၁၅)ဦးနဲ့ ကနဦးဖွဲ့စည်းထားပါတယ်။ စစ်ကောင်စီနဲ့ပတ်သက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီးတော့ကတော့ ကရင်နီကြားကာလအစီမံမှာ သီးခြားထည့်သွင်းပြဌာန်းထားတာတော့ မရှိပါဘူး။ ဒီလိုပြောလို့ စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက စစ်ကောင်စီရဲ့ ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေနဲ့ ကင်းလွတ်တယ်လို့တော့ အတိကျမဆိုနိုင်ဘူး။ ဒါတွေက ကျနော်တို့ ဆက်ပြီး လုပ်ရမယ့်အလုပ်တွေလို့ပဲ မြင်ပါတယ်။

MNJ – လက်ရှိအချိန် နယ်‌‌မြေစိုးမိုးမှုအပိုင်းအရ လွှတ်တော်အဖွဲ့က ဘာတွေဆောင်ရွက်သွားမလဲ။ ဘယ်လိုကိစ္စတွေကို ဦးစားပေးဆောင်ရွက်မှာလဲ။

SRD- ကရင်နီပြည်ရဲ့ ကြားကာလ လွှတ်တော်က လွှတ်တော်လုပ်ငန်းသုံးရပ်ဖြစ်တဲ့ ဉပဒေပြုခြင်း ၊ မဲဆန္ဒရှင်ပြည်သူများကို ကိုယ်စားပြုခြင်း ၊ ပြည်သူ့ဘဏ္ဏာစိစစ် ထိန်းကျောင်းခြင်း- စတဲ့ အဓိကလုပ်ငန်းစဉ်တွေကို လွှတ်တော်ကနေတဆင့် လုပ်ဆောင်သွားမှာပါ။ အဲဒါတွေအပြင် လွှတ်တော်နဲ့ဆိုင်တဲ့ မဟာမိတ်လုပ်ငန်းစဉ်နဲ့ ပြည်သူလူထုအတွက် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အကူညီတွေ ပေးနိုင်ဖို့အတွက်လည်း အုပ်ချုပ်ရေးပိုင်းနဲ့ အကူညီပေးနေတဲ့ အဖွဲ့စည်းတွေကို ချိတ်ဆက်ဆောင်ရွက်မဲ့ လုပ်ငန်းစဉ်တွေကိုလည်း ချမှတ်ထားတာ ရှိပါတယ်။

MNJ -တော်လှန်ရေးနဲ့ ဒေသခံပြည်သူလူထုတွေအတွက်ရော ဘယ်လိုလုပ်ငန်းတွေ ဆောင်ရွက်ဖို့ရှိလဲ။

SRD – ကရင်နီပြည်ကြားကာလလွတ်တော်ရဲ့ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကို ကြည့်ရင် အားလုံးက လူထုအတွက် ဆိုတာပဲတွေ့ရမှာပါ။ လူထုအတွက်ပဲ ရည်ရွယ်လုပ်ဆောင်တာပါ။ တော်လှန်ရေးလုပ်ငန်းစဉ်လည်း ဖြစ်ပါတယ်။ စစ်ကောင်စီကို နိုင်ငံရေးနည်း အရ တိုက်ဖျက်နေတာလို့ နားလည်လို့ရနိုင်ပါတယ်။

MNJ -ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အတွက်ရော ဘယ်လောက်ထိ အထောက်အကူဖြစ်နိုင်မလဲ။ ရှင်းပြပေးပါ။

SRD- ကျနော်တို့က မြေစမ်းခရမ်းပျိုး လုပ်ဆောင်နေတာဆိုတော့ ဘယ်လောက်အတိုင်းတာထိ အထောက်ကူပြုနိုင်တယ်ဆိုတဲ့ ပေတံနဲ့ တိုင်းတာနိုင်ဖို့တော့ ခက်ပါလိမ့်မယ်။ပြောဖို့လည်း စောပါသေးတယ်။ သို့သော် ကရင်နီပြည်နယ် ကြားကာလလွှတ်တော်ရဲ့ ရပ်တည်ချက်အတိုင်း ဒီမိုကရေစီအရေး ၊ အမျိုးသား တန်းတူရေး ၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ရေး ၊ စစ်မှန်သော ဖယ်ဒရယ်ဒမိုကရေစီ တည်ဆောက်ရေးကို တစိုက်မတ်မတ် လုပ်ဆောင်သွားမှာ ဖြစ်တာကြောင့် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်က မလွဲမသွေ အထောက်ကူဖြစ်မယ်လို့ ယုံကြည်ထားပါတယ်။

MNJ – အခုကတော်လှန်ရေးကာလဖြစ်နေတော့ ဘယ်လိုစိန်ခေါ်မှု အခက်အခက်‌‌တွေ ရှိနိုင်မလဲ။

SRD – ကျနော်တို့က သုညကနေ ပြန်စပြီးလုပ်ရတာဆိုတော့ လိုအပ်ချက်ကတော့ များပါတယ်။ အထူးသဖြင့် ကရင်နီလူထုရဲ့ ယုံကြည်ထောက်ခံမှုတွေ ရဖို့လိုတယ်။ လွှတ်တော်ဖွဲ့စည်းဖို့အတွက် လူ့အရင်းမြစ်တွေ လိုအပ်တယ်။ ဘဏ္ဏရေးနဲ့ အသုံးပြုမယ့် ပစ္စည်းကိရိယာတွေလိုတယ်။ ဒါတွေအားလုံးကို အလုပ်ဖြစ်တဲ့ အတိုင်းတာတစ်ခုထိ ကျနော်တို့ ရှာဖွေဖြည့်ဆည်းထားပြီး ဖြစ်တယ်။ သို့သော် လိုအပ်ချက်တွေကတော့ ရှိနေပါသေးတယ်။

MNJ- အခြားတိုင်းနဲ့ပြည်နယ်က အဖွဲ့အစည်းတွေနဲ့ရော ဆွေးနွေးမှုတွေ ပူးပေါင်းဆောင်ရွက်မှုတွေရှိလာမှာလား။ ဘယ်လိုပုံစံလုပ်ဆောင်မှာပါလဲ။

SRD – ဒါကတော့ ရှိလာမှာ အသေအချာပါပဲ။ ကျနော်တို့ရဲ့လုပ်ငန်းစဉ် မဟာဗျူဟာမှာ ချမှတ်ပြီးလည်း ဖြစ်တယ်။ သို့သော် အသေးစိတ်ကတော့ လုပ်ငန်းဆောင်ရွက်ပြီးတဲ့ အချိန်မှပဲ တစ်ခုချင်းကို ပြည်သူတွေကို ချပြသွားပါမယ်။

MNJ – နောက်ထပ်ဖြည့်စွက်ပြီး ဖြေကြားလိုတာဖြစ်ဖြစ် ပြည်သူလူထုကို ပြောစေချင်တာဖြစ်ဖြစ် ပြောကြားပေးပါ၊

SRD – ကျနော်တို့ ကရင်နီပြည်နယ် ကြားကာလ လွှတ်တော် ဖွဲ့စည်းခြင်း လုပ်ငန်းစဉ် ရပ်တည်ချက်များနဲ့ပတ်သက်ပြီး ပြည်သူတွေဆီ ထုတ်ပြန်ပြီးနောက်မှာ တချို့သော တော်လှန်ရေးလူငယ်တွေကြားမှာ နိုင်ငံရေး လက်ဦးမှုယူပြီး အာဏာရူးနေကြပြီဆိုတဲ့ အထင်မြင်လွဲမှားတဲ့ ပြောဆိုမှုတွေကို ကျနော်တို့ ထုတ်ပြန်မှုအောက်မှာ လာပြီးပြောကြတာ တွေ့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြောလိုတာကတော့ ကရင်နီပြည်ကြားကာလ လွှတ်တော်ဟာ ကြားကာလအတွက်ပဲ ရည်ရွယ်ဖွဲ့စည်းထားတာပါ။ သူ့ရဲ့သက်တမ်းက တော်လှန်ရေးကာလ သို့မဟုတ် ကြားကာလ ပြီးဆုံးသည်အထိဖြစ်သည်လို့ ကရင်နီပြည်ကြားကာလအစီမံထဲမှာ အတိအလင်း ပြဌာန်းထားပြီးသားပါ။ ဒါကြောင့် အကြမ်းဖက် စစ်ကောင်စီကို နိုင်ငံရေးနည်းနဲ့ တိုက်ဖျက်ဖို့ အဓိကရည်ရွယ်တာ ဖြစ်တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောလိုတယ်။ နောက်ပြီး ပြည်သူလူထုနဲ့ ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုကို ပြောလိုတာကတော့ ကျနော်တို့ ကရင်နီပြည်ကြားကာလ လွှတ်တော်ဟာ ပြည်သူအတွက် ရပ်တည်ပေးမှာဖြစ်သလို ပြည်သူတွေကလည်း ကြားကာလ လွှတ်တော်နဲ့ အတူရပ်တည်ပေးကြပါ။ ပူးပေါင်းဆောင်ရွက်ပေးကြပါလို့ မေတ္တာရပ်ခံ တိုက်တွန်းလိုပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here