ရွှေအလွန်အကျွံတူးဖော်မှုကြောင့် ရွာပျက်မည့်အရေး ကြုံနေရတဲ့ မြစ်ကြီးနား- မြစ်ဆုံလမ်းပေါ်က ရွာကလေး

428

“ရွာထိပ်မှာရော၊ ရွာအောက်မှာရော။ ကြာလို့ရှိရင် ရွာတောင်မှ ပျက်မလားတောင် မသိဘူး။ ဖားကန့်မှာ ကျောက်စိမ်းရှာတာထက်ကို ဆိုးတယ် “လို့ ရွာပျက်မယ့်အရေး တွေးပူနေရတဲ့ ဒေသခံတစ်ဦးက ပြောဆိုပါတယ်။

သူတို့ကျေးရွာလေးဟာ ဧရာဝတီမြစ်ဆိပ်ကမ်းနံဘေးမှာ တည်ထားတဲ့ကျေးရွာဖြစ်ပြီး တောင်ယာနဲ့ လယ်လုပ်ငန်း လုပ်ကိုင်ပြီးတော့ အသက်မွေးဝမ်းကျောင်းပြုနေရတဲ့ ကျေးရွာတစ်ရွာပါ။

လက်ရှိမှာတော့ ဘယ်အရပ်ဒေသတွေကမှန်း မသိတဲ့လူတွေ ရွာအတွင်း ဝင်ရောက်လာတဲ့ အခုနှစ် မတ်လဆန်းကနေစပြီး ရွာသားတွေဟာ ညအချိန် အိပ်ရေးပျက်တာတွေ ရေရှည်မှာ ရွာပျက်မယ့်အရေးအတွက် တွေးပူမှုတာတွေ စတင်ကြုံတွေ့လာရပါတယ်။

လက်ရှိအချိန်မှာ အမည်မသိ လူတွေကနေ ရွာအတွင်းမှာ ကုမ္ပဏီလို ဝင်ရောက်လာပြီး မြစ်ဆိပ်နံဘေးမှာသာမက ကုန်းမြေခြံတွေအထိပါ နေ့၊ ည မရပ်မနား ရွှေတူးဖော်နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေရတာပါ။

သူတို့ကျေးရွာလေးဟာ ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့နဲ့ ၁၁ မိုင်လောက် ဝေးတဲ့ မြစ်ကြီနား- မြစ်ဆုံလမ်းပေါ်မှာရှိတဲ့ အာလမ်ကျေးရွာအုပ်စုက လမုန်ဇွပ်ဆိုတဲ့ ကျေးရွာလေးပဲ ဖြစ်ပါတယ်။

လမုန်ဇွပ်ကျေးရွာရဲ့ ရွာအထက်၊ အလယ်၊ အောက် နေရာအနှံ့ ဘက်ဟိုးကားကြီး၊ Loader (မြေကော်စက်ကြီး)တွေနဲ့ မြေသယ်ကားကြီးပေါ်တင်ပြီး နေ့၊ည မရပ်မနား ရွှေတူးနေကြတဲ့အတွက် မြစ်ရေလမ်းကြောင်းလွဲပြီး ရွာပျက်စီးမှာကို ဒေသခံပြည်သူတွေ စိုးရိမ်နေကြပါတယ်။

“သူတို့က ချောင်းတွေဘာတွေရော အကုန်ပိတ်ပစ်လိုက်ကြတယ်လေ။ တောင်ကျချောင်းတွေရော ပိတ်လိုက်တဲ့ အခါကျတော့ ရေကြီးလာလို့ရှိရင် ကျွန်တော်တို့ ရွာလယ်ခေါင်ကနေဖြတ်ပြီး ကျွန်တော်တို့ရွာ ပျက်မှာ စိုးရိမ်နေကြတာပေါ့။”လို့ လမုန်ဇွပ်ဒေသခံတစ်ဦးက ပြောပြပါတယ်။

ရွာထိပ်ပိုင်းမှာ ရွှေတူးနေသူတွေဟာ တရုတ်လူမျိုးတွေဖြစ်ပြီး အောက်ဘက်ပိုင်းမှာတော့ တခြားအဖွဲ့တစ်ခုကနေ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုခုနဲ့တွဲပြီး ရွှေတူးဖော်မှု လုပ်ဆောင်နေကြတယ်လို့သာ သိထားတယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ရွာအလယ်လောက်မှာလည်း လုပ်ငန်းရှင်တစ်ဦးရှိသေးပြီး အဲဒီနေရာမှာလည်း ဘက်ဟိုးအသုံးပြု တူးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အထက်ပါ ရွှေတူးဖော်နေသူတွေဟာ အထက်က သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး လုပ်ဆောင်တဲ့ ပုံစံမျိုး ပြုမှုနေကြပြီးတော့ သူတို့ရဲ့ လုပ်ငန်းခွင်အတွင်း အပြင်လူ ဝင်ရောက်နှောက်ယှက်မှု မရှိအောင် ခြိမ်းခြောက် ပြောဆိုမှုတွေ ရှိနေတဲ့အတွက် ရွှေလုပ်ကွက်အနီးကပ်ဖို့ လုံခြုံရေးအရ ကြောက်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရွာက ကန့်ကွက်ချင်တယ်။ ဒါပေမဲ့ သူတို့က အထက်ကနေ ဖိထားတဲ့အခါကျတော့ ဘာမှ လုပ်လို့ မရဘူး ဖြစ်နေတယ်။”လို့ ဒေသခံက ဆိုပါတယ်။

ရွာတွင်း ဝင်ရောက်လုပ်ကိုင်နေတဲ့ ရွှေလုပ်ကွက်အားလုံးက ဘက်ဟိုး၊ မြေကော်ကားစက်နဲ့ မြေသယ်ကားတွေပါ ပေါင်းရင် အစီးရေ ၃၀ လောက်ရှိပြီး လူအင်အား ၁၀၀ ဝန်းကျင်လောက် ဝင်ရောက် လုပ်ကိုင်နေကြတယ်လို့လည်း သိရပါတယ်။

မြစ်ဆိပ်ကမ်းနံဘေးသာမက ကုန်းမြေတွေအထိပါ တူးနေကြပြီး လက်ရှိ ကုန်းမြေ ဧက(၃၀)ထက်မနည်းဟာ ပျက်စီးသွားပြီလို့ သိရတဲ့အပြင် အဲဒီကုန်းမြေတွေကို မြေပိုင်ရှင်တွေကနေ အခြေအနေအမျိုးမျိုးကြောင့် ရောင်းလိုက်တာ ဖြစ်နိုင်သလို တချို့ကတော့ ရွှေတူးသူတွေနဲ့ပေါင်းပြီး ဝေစုခွဲယူတဲ့ ပုံစံနဲ့ တူးနေကြတာလို့ ဆိုပါတယ်။

မြစ်ကမ်းနံဘေးက ခြံပိုင်ရှင်တွေ အများစုဟာ တခြားကျေးရွာက ဒေသခံတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

ရွှေတူးတဲ့သူတွေကို အချိန်မီ မတားဆီးနိုင်ခဲ့ရင် ရွာကမ်းပါးပြိုတာတွေ ရှိလာနိုင်တဲ့အပြင် မိုးရာသီအတွက် စိုးရိမ်ရတော့မယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးကလည်း အခုလို ပြောပါတယ်။

“ခြံပိုင်ရှင်တွေလည်း ပိုက်ဆံလိုလို့ ရောင်းစားတာလည်း ဖြစ်ရင်ဖြစ်မယ်။ သူဌေးတွေက ရွှေတူးတယ်ဆိုပေမဲ့ အရင်က တူးတဲ့နည်းလမ်းနဲ့ မတူဘူး။ အခုက စက်ယန္တရားနဲ့ဆိုတော့ တစ်နေ့မှာကို တော်တော်တူးလိုက်တော့ လမ်းတွေတောင် မကျန်တော့ဘူး။ မိုးရွာလာပြီဆိုရင် လမ်းတွေလည်း ပြိုလာမယ်လေ။” အထက်ပါအမျိုးသမီးက လက်ရှိအခြေအနေကို ရှင်းပြပါတယ်။

လက်ရှိတူးနေတဲ့ ကုန်းမြေနဲ့ကားလမ်းဟာ ပေ ၅၀၀ လောက်သာ ကွာသွားတဲ့ အနေအထားရှိလာအပြင် လမုန်ဇွပ်ကျေးရွာမှာ ရေကြီးချိန်က ရွာလယ်ခေါင်ဟာ ရေလမ်းကြောင်းပုံစံ ဖြစ်နေတဲ့အတွက် နှစ်စဉ် ရေကြီးရေလျှံဖြစ်မယ့်အရေးနဲ့ ကြုံလာရမှာကို စိုးရိမ်နေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

နေ့ရောညပါ မရပ်မနား တူးနေတာကြောင့် ရွာထိပ် လမ်းဘေးအထိပါ ရောက်လာတဲ့ အနေအထားရှိတဲ့အတွက် ရွာအတွက် တွေးပူနေရတယ်လို့ နောက်ထပ် ဒေသခံပြည်သူတစ်ဦးကလည်း အခုလိုပြောပါတယ်။

“အဲဒီလို တူးစားလာတော့ စိတ်မကောင်းဘူးပေါ့။ အထက်က လူကြီးတွေကို ပြောပြီး လုပ်တယ်ဆိုပြီး ခြိမ်းခြောက် ပြောတာတွေ ရှိတော့။ နေ့၊ ညတူးကြတာ။ ညရော မနားကြဘူး။ အသံအရမ်းမြည်တယ် အိပ်လို့တောင်မရဘူး။ တနင်္ဂနွေနေ့ရော အချိန်ပြည့်ပဲပေါ့”လို့ ဒေသခံ ဆိုပါတယ်။

တရားမဝင်ရွှေတူးဖော်နေသူတွေကို ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး လက်ရှိ လမုန်ဇွပ်ကျေးရွာဘက် ရွှေတူးနေသူတွေကို တရားဝင်ခွင့်ပြုထားတာမျိုး မရှိသလို သွားရောက်စစ်ဆေးတာတွေ ထပ်မံလုပ်ဆောင်သွားမယ်လို့ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“ခွင့်မပြုထားဘူး။ တစ်နေ့ကတော့ အာလမ်၊ ဒွမ်ဂန်ဘက် တော်တော်များများ (၅၀)၊ (၆၀)လောက် ဖမ်းလိုက်ပြီ။ တချို့ တဲတွေ၊ မျော်စင်တွေတော့ အဲဒီမှာပဲ မီးရှို့လိုက်တယ်။ ဥပဒေနဲ့အညီ ရဲစခန်းကို အပ်ပြီး လုပ်ခိုင်းတယ်”လို့ ဦးခက်ထိန်နန်က ပြောပါတယ်။

မေလ ဒုတိယအပတ်လောက်က လမုန်ဇွပ်ကျေးရွာမှာ ရွှေတူးဖော်နေသူတွေကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက် ဖမ်းဆီးချိန် တစ်နိုင်တပိုင် လုပ်နေတဲ့ ရေငုပ်ဖောင်တွေကိုပဲ ဖမ်းဆီးသွားခဲ့ပြီး စက်ယန္တရားကြီးတွေနဲ့ လုပ်နေသူတွေကတော့ သတင်းကြိုရတဲ့ ပုံစံလိုမျိုး အဲဒီနေ့မှာ အလုပ်မဆင်းကြတဲ့အတွက် စက်တွေ ဖမ်းဆီးခံရတာ မရှိခဲ့ဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

လမုန်ဇွပ်ကျေးရွာဟာ အိမ်ခြေ ၄၀ ကျော်ရှိပြီး လူဦးရေ ၂၀၀ ကျော် နေထိုင်တဲ့ ရွာတစ်ခုဖြစ်တဲ့အပြင် အခုလိုမျိုး စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်နေတာကို အချိန်မီ မရပ်တန့်နိုင်ခဲ့ရင် ရေကြီးရေလျှံအန္တရာယ် ကြုံလာရတော့မှာကို ဒေသခံတွေ စိုးရိမ်နေကြတာပါ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here