ဖေဖော်ဝါရီ၊ ၉
ရခိုင်ပြည်နယ်ရဲ့ ရှေးဟောင်းအမွေအနှစ်မြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့နယ်ထဲက စစ်ကောင်စီရဲ့ ရဲတပ်ရင်း ၃၁ ကို သိမ်းပိုက်လိုက်နိုင်ပြီလို့ ညီနောင် ၃ ဖွဲ့က ဒီနေ့မနက်အစောပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
မြောက်ဦးမြို့နယ်ထဲမှာတော့ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၉) လက်အောက်ခံ တပ်ရင်း ၃ ရင်း ရှိတဲ့အပြင် ရဲတပ်ရင်း ၃၁ လည်း ရှိနေတာပါ။
မနေ့ကတော့ ရက္ခိုင့်တပ်တော် (AA) ဟာ စကခ-၉ လက်အောက်ခံ တပ်ရင်း ၁၀ ရင်းလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။
ဒါကြောင့် ထုတ်ပြန်ချက်တွေအရ AA ဟာ မြောက်ဦးမြို့က စကခ-၉ လက်အောက်ခံ တပ်ရင်း ၃ ရင်းအပြင် ရဲတပ်ရင်း ၃၁ ကိုပါ ထပ်သိမ်းပိုက်နိုင်ခဲ့တာကြောင့် ရခိုင်ပြည်နယ်မှာ AA သိမ်းပိုက်နိုင်တဲ့မြို့ ၄ မြို့ထိ ရှိလာတာလည်း ဖြစ်ပါတယ်။
အခုသိမ်းပိုက်လိုက်တဲ့ မြောက်ဦးမြို့မှာတော့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တုန်းက စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မြောက်ဦးမြို့ရှေးဟောင်းသုတေသနပြတိုက် ပျက်စီးခဲ့တယ်လို့လည်း AA က ထုတ်ပြန်ထားပါတယ်။
မြောက်ဦးမြို့ဟာ ၁၅ ရာစုအလယ်ပိုင်းလောက်ကစလို့ ရခိုင်နိုင်ငံတော်ရဲ့မြို့တော်ဖြစ်လာပြီး အခုအချိန်မှာတော့ ရှေးဟောင်းအမွေအနှစ်တွေရှိတဲ့အတွက် ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားတဲ့မြို့တစ်မြို့လည်း ဖြစ်နေပါတယ်။
အခုအချိန်မှာတော့ မြို့နယ် ၁၇ ခုရှိတဲ့ ရခိုင်ပြည်နယ်ထဲမှာတော့ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ရဲ့ မြို့တော်စစ်တွေနဲ့ ၁၀ မိုင်ကျော်ပဲဝေးတဲ့ ပေါက်တောမြို့ကိုလက်လွှတ်ထားရတဲ့အပြင် စကခ-၉ အထိုင်ချတဲ့ ကျောက်တော်၊ မင်းပြားတို့ကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ လက်လွှတ်ခဲ့ရပြီး အခုမြောက်ဦးမြို့ကိုပါ လက်လွှတ်လိုက်ရတာလည်း ဖြစ်ပါတယ်။
အဲဒီကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတရာထုတ်ပြန်တာ မရှိသေးပါဘူး။







