
ဖေဖော်ဝါရီ၊ ၂၈
ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှာ တစ်ခုတည်းကျန်တဲ့ စစ်ကောင်စီရဲ့ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို မနေ့ကညနေပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီသင်တန်းကျောင်းကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မနက်ကနေ ၂၆ ရက်နေ့ညနေအထိ ၁၀ ရက်ကြာ တိုက်ခိုက်အပြီး အလုံးစုံသိမ်းပိုက်နိုင်ခဲ့တာလို့ AA က ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ အသက်စွန့်ခဲ့တဲ့သူတွေနဲ့ သတ္တိရှိရှိတိုက်ပွဲဝင်ခဲ့ကြတဲ့သူတွေကို လေးလေးနက်နက် ဂုဏ်ပြုတယ်လို့လည်း AA က မှတ်တမ်းတင်ထုတ်ပြန်ထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ AA ဘက်က အဲဒီလို မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်တွေကိုတော့ စခန်းသိမ်းတိုက်ပွဲတိုင်းအတွက် မထုတ်ပြန်ပေမဲ့ စခန်းကြီးသိမ်းပိုက်ရရှိမှုတွေနဲ့ ခက်ခက်ခဲခဲသိမ်းယူခဲ့ရတဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာပဲ ထုတ်ပြန်လေ့ရှိတာပါ။
အဲဒီသင်တန်းကျောင်းတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေအများအပြားနဲ့ လက်နက်ခဲယမ်းအမြားအပြား သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပြီး အသေးစိတ်ကိုတော့ မထုတ်ပြန်ပါဘူး။
တိုက်ပွဲအပြီး ဖေဖော်ဝါရီ ၂၇ ရက်နေ့မနက် အစောပိုင်းမှာတော့ စစ်ကောင်စီဟာ ရှုံးမဲမဲပြီး မင်းပြားမြို့နယ်ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ AA က ပြောပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် မင်းပြားမြို့နယ်ထဲက မင်းဖူးဆေးရုံပျက်စီးခဲ့ပြီး ဆေးကုသမှုခံယူနေတဲ့ပြည်သူတွေနဲ့ ဆေးရုံဝန်ထမ်းတွေ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မင်းပြားမြို့နယ်ထဲက သေကံကျေးရွာက ပြည်သူ ၁၀ ယောက်ကျော်ဟာလည်း အဲဒီ ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက်အစောပိုင်းက ဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သလို စာသင်ကျောင်း၊ လူနေအိမ်တွေနဲ့ စပါးကျီတွေ ပျက်စီးခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
အခုအချိန်မှာတော့ AA ဟာ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ လက်နက်မချဘဲ ခုခံနေတာကြောင့် အပြီးသတ်သိမ်းဖို့ကျန်နေတဲ့ စစ်ကောင်စီစခန်းတွေကိုလည်း ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။
ပုံစာ – စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံ၏ ပျက်စီးမှုအခြေအနေ AA က ထုတ်ပြန်ထားစဉ်။






