ဒီဇင်ဘာ၊ ၅
ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်ထဲက ရဟတ်ယာဉ်ကွင်း ၂ ခုရှိတဲ့ “တရွန်အိုင်ဗျူဟာ”စခန်းကုန်းကို ရက္ခိုင့်တပ်တော် (AA) က ဒီနေ့ အပြီးသတ် ချေမှုန်းလိုက်ပြီလို့ တရားဝင်အသိပေးကြေညာလိုက်ပါတယ်။
အဲဒီစခန်းကို ရခိုင်ပြည်နယ်မှာ တိုက်ပွဲစဖြစ်ပြီးတဲ့နောက် တစ်ရက်ခြားပြီး နိုဝင်ဘာလ ၁၄ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အဲဒီစခန်းကို ရက်ပေါင်း ၂၀ ကျော်အကြာ ဒီနေ့ ဒီဇင်ဘာ ၅ ရက်နေ့ နေ့လယ်ပိုင်းမှာ သိမ်းမိခဲ့တာဖြစ်ပြီး စစ်ကောင်စီဟာ လေကြောင်း၊ လက်နက်ကြီးပစ်ကူအပြင် Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါတဲ့ ဗုံးတွေနဲ့ စခန်းမကျရေး ခုခံခဲ့တယ်လို့ AA က ဆိုပါတယ်။
အဲဒီဗျူဟာကုန်းကနေ ရန်သူ့အလောင်းတွေနဲ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းတွေကို သိမ်းမိခဲ့တယ်လို့ AA ကထုတ်ပြန်ထားပေမဲ့ အတိအကျမဖော်ပြထားပါဘူး။
အဲဒီ “တရွန်အိုင်ဗျူဟာ” ကုန်းဟာ ကုလားတန်မြစ်ဘေးမှာရှိတဲ့ စခန်းကြီးတစ်ခုဖြစ်ပြီး AA အနေနဲ့ ကျန်တဲ့ဗျူဟာကုန်းတစ်ခုဖြစ်တဲ့ “နှုံးဘူးဗျူဟာကုန်း” ကိုလည်း အပြီးသတ် သိမ်းပိုက်နိုင်ရေး ဆက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
အခုသိမ်းနိုင်ခဲ့တဲ့ “တရွန်အိုင်ဗျူဟာ” ကုန်းသိမ်းတိုက်ပွဲမှာ အသက်၊ ခန္ဓာပေးဆပ်ခဲ့ရတဲ့ စစ်သည်တော်တော်တွေနဲ့ တိုက်ပွဲဝင်ခဲ့တဲ့သူတွေကို အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်တယ်လို့လည်း AA က ထုတ်ပြန်ထားပါတယ်။







