သိမ်းဆည်းနိုင်ခဲ့တဲ့ စစ်ကောင်စီရဲ့ လက်နက်အမြောက်အမြားကို AA ထပ်ထုတ်ပြ

273
Photo Credit- 3BHA

 

ဇန်နဝါရီ၊ ၂၂

ရက္ခိုင့်တပ်တော် (AA) က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ထဲမှာ သိမ်းဆည်းရမိခဲ့တဲ့ စစ်ကောင်စီရဲ့ လက်နက်အစုလိုက်အပြုံလိုက်ကို ဓာတ်ပုံတွေနဲ့တကွ မနေ့ကညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒါတွေဟာ ဇန်နဝါရီလ ၁၄ ရက်နေ့က သိမ်းနိုင်ခဲ့တဲ့ ကျောက်တော်အခြေအစိုက် စစ်ကောင်စီရဲ့ အမှတ် ၃၇၇ အမြောက်တပ်ရင်းနဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့က သိမ်းနိုင်ခဲ့တဲ့ ခမရ- ၅၃၉ တပ်ရင်းက လက်နက်ခဲယမ်းတွေ ဖြစ်တယ်လို့ AA က ဆိုပါတယ်။

ထုတ်ပြန်ထားတဲ့ပုံတွေအရ ဟောင်ဝပ်ဇာလို အဝေးပစ် လက်နက်ကြီးတွေအပါအဝင် စုစုပေါင်း လက်နက် ၂၀၀ ကျော်နဲ့ သောင်းနဲ့ချီတဲ့ လက်နက်ကြီး၊ လက်နက်ငယ် ကျည်ဆံတွေပါရှိတာကိုတွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်နေ့ကလည်း ချင်းပြည်နယ်၊ ပလက်ဝမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၈၉ ဗျူဟာကုန်းနဲ့ စကခ (၉) ရဲ့ရှေ့တန်းတပ်မဌာနချုပ်က သိမ်းမိတဲ့ လက်နက်ခဲယမ်းတွေကို ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ခဲ့ပါသေးတယ်။

အဲဒီတုန်းကလည်း ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေအရ သံချပ်ကာကားတွေအပြင် လက်နက်ကြီး၊ လက်နက်ငယ်ရာချီနဲ့ သောင်းနဲ့ချီတဲ့ လက်နက်ကြီး၊ လက်နက်ငယ်ကျည်ဆံတွေပါတာကို တွေ့ရပါတယ်။

အခုအချိန်မှာတော့ စစ်ကောင်စီဟာ သံချပ်ကာ ကားတွေအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်တွေ အစုလိုက်အပြုံလိုက်ရှိတဲ့ စစ်တပ်နောက်တန်းဌာနချုပ် လက်နက်အမြောက်အမြားကို ရှမ်းမြောက်ဒေသအပြင် ရခိုင်ဒေသမှာပါ ဆုံးရှုံးလာတာ ဖြစ်ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here