ရက္ခိုင့်တပ်တော် ထိန်းချုပ်ထားတဲ့ ဒေသတွေကို အဖိနှိပ်ခံ ပြည်သူတွေပြောင်းရွှေ့ကြဖို့ AA တိုက်တွန်း

260

 

ဖေဖော်ဝါရီ၊ ၂၀

ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်ပြီး သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေဟာ ရခိုင်ပြည်သူလူထုတစ်ရပ်လုံးအပါအဝင် အဖိနှိပ်ခံလူထုအားလုံးအတွက် အလုံခြုံဆုံးနေရာဖြစ်တယ်လို့ AA က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီရဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ပြဌာန်းခဲ့တဲ့ စစ်မှုမထမ်းမနေရဥပဒေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်တွေအပါအဝင် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာ AA က အဲဒီလို ဖော်ပြထားတာပါ။

ဒါကြောင့် စစ်ကောင်စီကထိန်းချုပ်ထားတဲ့ ရန်ကုန်အပါအဝင် တခြားမြို့ကြီးတွေကို တိမ်းရှောင်ကြမယ့်အစား သူတို့ထိန်းချုပ်ထားတဲ့ မြို့ရွာတွေကို ပြောင်းရွှေ့နေထိုင်ကြဖို့ AA က တိုက်တွန်းလိုက်တာလည်း ဖြစ်ပါတယ်။

အခုအချိန်မှာတော့ စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရဥပဒေနဲ့ ကျယ်ပြန့်လာတဲ့ တိုက်ပွဲတွေကြောင့် ပြည်သူတွေဟာ မြို့ကြီးတွေကိုပြောင်းရွှေ့တာတွေ ပြုလုပ်နေသလို ရခိုင်ပြည်နယ်က မြို့တချို့မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။

AA ကတော့ “စစ်ကောင်စီထိန်းချုပ်ရာဒေသများသည် ယခင်ကတည်းကပင် လုံခြုံရေး၊ စားဝတ်နေရေး၊ တရားဥပဒေ စိုးမိုးရေးအခြေအနေများ ယုတ်လျော့နေပြီး ယခုအချိန်တွင် ပိုမိုဆိုးရွားလျက်ရှိနေပါသည်။ ဤကဲ့သို့ အဘက် ဘက်မှ ပြိုကျပျက်စီးလာသည်နှင့်အမျှ အဖိနှိပ်ခံပြည်သူလူထုတစ်ရပ်လုံး၏ အသက်၊ အိုးအိမ် စည်းစိမ်တို့မှာလည်း နေ့စဉ်နှင့်အမျှ ပိုမိုခြိမ်းခြောက်ခံရလျက်ရှိသည်။” လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာတော့ AA ဟာ ချင်းပြည်နယ်၊ ပလက်ဝဒေသနဲ့ ရခိုင်ပြည်နယ်က မြို့ ၅ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

စစ်ကောင်စီဟာ သူတို့လက်လွှတ်လိုက်ရတဲ့မြို့တွေကို လက်နက်ကြီးနဲ့ပစ်တာ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေ ပြုလုပ်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့တုန်းကတော့ စစ်ကောင်စီဟာ AA သိမ်းပိုက်ထားတဲ့ ပလက်ဝမြို့နယ်ထဲက ဟုမ်းကျေးရွာကို တိုက်ပွဲမဖြစ်ဘဲ လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၇ ယောက် သေဆုံးခဲ့ပါသေးတယ်။

ဓာတ်ပုံ – ရှမ်းမြောက်ရှိ စစ်ဘေးရှောင်ပြည်သူများကို AA က တစ်နိုင်တစ်ပိုင် ကူညီနေကြောင်း ထုတ်ပြန်ခဲ့စဉ်

 

LEAVE A REPLY

Please enter your comment!
Please enter your name here