မတ်၊ ၆
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က ခမရ ၅၅၀ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ ဗျူဟာမှူး မျိုးမင်းကိုကို၊ ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်၊ ဗိုလ်မှူးစောထွေးတို့အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားကို အသေဖမ်းမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဒီနေ့မနက်အစောပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
အဲဒီ ခမရ ၅၅၀ ကို ဖေဖော်ဝါရီ ၂၁ ရက်နေ့ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ ကြည်း၊ရေ၊လေ ခုခံစစ်ကြားကနေ ၁၃ ရက်ကြာတိုက်ခိုက်အပြီး မတ်လ ၄ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။
အဲဒီတိုက်ပွဲမှာ လက်နက်ခဲယမ်းအများအပြားကို သိမ်းနိုင်ခဲ့တဲ့အပြင် စစ်ကောင်စီတပ်သားတချို့ကိုလည်း အရှင်ဖမ်းမိခဲ့ပြီး လက်နက်ချအညံ့ခံတဲ့ သူတွေ၊ စောစောစီးစီး အလံဖြူထောင်တဲ့သူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားတယ်လို့ AA က ဆိုပါတယ်။
ဒါ့အပြင် မတ်လ ၃ ရက်နေ့ကလည်း ခမရ ၅၅၀ တိုက်ပွဲကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ ဇက်သင်္ဘော ၃ စီးကို တိုက်ခိုက်ခဲ့ပြီး နစ်မြုပ်မသွားပေမဲ့ အဲဒီသင်္ဘောတွေပေါ်က စစ်ကောင်စီတပ်သားတွေကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။ ဒါဟာ AA ရဲ့ နောက်ထပ်ရေကြောင်းတိုက်ပွဲ အောင်ပွဲတစ်ခုအဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်မှာ စစ်ကောင်စီကင်းစင်နယ်မြေ ဖြစ်ရေးအတွက် ကျန်တဲ့မြို့တွေကိုလည်း တစ်ခုပြီးတစ်ခု မရပ်မနားထိုးစစ်ဆင် တိုက်ခိုက်သွားမယ်လို့ AA က ထပ်အသိပေးထားပါတယ်။
ဒါကြောင့် ရခိုင်ပြည်နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင် အားလုံးအနေနဲ့ လက်နက်ချအညံ့ခံကြဖို့လည်း စေတနာနဲ့အသိပေးတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
ဒီနေ့ မတ်လ ၆ ရက်နေ့အထိတော့ AA ဟာ ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်အပြင် မြို့နယ် ၁၇ မြို့နယ်ရှိတဲ့ ရခိုင်ပြည်နယ်ထဲက မြို့ပေါင်း ၆ မြို့အထိ သိမ်းပိုက်ထားပါတယ်။







