ဖားကန့်မြို့၊ဆိုင်းတောင်ကျေးရွာကို စစ်ကောင်စီအင်အား ၁၀၀ လောက် စစ်ကြောင်းထိုး

17

 

မတ်၊၂၀

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာ/ရပ်ကွက်ကို ဒီကနေ့ မနက် အစောပိုင်းက စစ်ကောင်စီအင်အား ၁၀၀ လောက် စစ်ကြောင်းထိုးလာတယ်လို့ သိရပါတယ်။

ဒီကနေ့မနက် ၅နာရီအချိန်လောက်ကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာ ဖြစ်တယ်လို့ KIA နဲ့ နီးစပ်တဲ့ ဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဆိုင်းတောင်ဘက် စစ်တပ်က စစ်အင်အားတစ်ရာနီးပါး စစ်ကြောင်းထိုးနေပြီ။ အခုထိရှိနေကြတုန်းပဲ”လို့အထက်ပါ အမျိုးသားက ပြောပါတယ်

အဲဒီစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေက ဖားကန့်စစ်ကောင်စီတပ်မကုန်းက ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ဆိုင်းတောင်ကျေးရွာမှာ ဈေးဆိုင်တွေ အများပိုင်းပိတ်ထားကြပြီး လမ်းသွားလမ်းလာ နည်းသွားတယ်လို့လည်း ဖားကန့်ဒေသခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဆိုင်တွေမဖွင့်ဘူး။ လူတွေက ထွက်တော့ထွက်ကြတယ်။ ဒါပေမဲ့ အရင်လို မများဘူး ရွေဆိုင်တွေဆို ဖွင့်တောင်မဖွင့်ဘူး”လို့ အထက်ပါ အမျိုးသမီးက ပြောပါတယ်။

ဆိုင်းတောင်ကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်တွေကလည်း နေရာယူထားတာတွေ ရှိတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်ပြီး ဒေသခံတချို့ တိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့တဲ့ တာမခန်နဲ့ ကသိုင်းတောင် စစ်ကောင်စီစခန်းက ထွက်ပြေးလာတဲ့ စစ်ကောင်စီစစ်သားနဲ့ ရဲတွေဟာ ဆိုင်းတောင်စစ်ကောင်စီရဲစခန်းနဲ့ တပ်စခန်းတွေမှာ တပ်စွဲနေပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က ဆိုင်းတောင်ကျေးရွာအနီး မိုးကာရွာမှာ စစ်ကောင်စီတပ်ကို KIA ပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ဗိုလ်မှူးတစ်ဦးနဲ့ တပ်သားတစ်ဦးသေဆုံးခဲ့ပြီး ၁၆ ဦး အရှင်ဖမ်းမိခဲ့ပါတယ်။

ပုံဟောင်းဖြစ်ပါသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here