မေ၊၁၇
ကချင်ပြည်နယ်၊ မြစ်ကြီးနား- ဖားကန့်လမ်းပေါ်မှာရှိတဲ့ နန့်ယားကျေးရွာနဲ့ ခင်တောင်ကျေးရွာက ဒေသခံ ၄၀ လောက်ကို ဒီကနေ့ မနက် ၂နာရီလောက်ကစပြီး စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခေါ်ဆောင်သွားသူတွေထဲမှာ ကလေးငယ်၊ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အသက် ၆၀ အရွယ် လူကြီးတွေလည်း ပါဝင်ပြီး ခင်တောင်ကျေးရွာက ဒေသခံအများပိုင်း ဖမ်းဆီးခံလိုက်ရတယ်လို့ နန့်ယားကျေးရွာဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ခင်တောင်ဘက်က ပိုများတယ်တဲ့။ တော်တော်များများ ပါသွားတယ်လို့ ပြောတယ်။ မိန်းမတွေရော၊ ယောင်္ကျားတွေရော၊ ဗိုက်ကြီးသည်တောင် ပါတယ်လို့ ကြားတယ်”လို့ ဒေသခံက ပြောပါတယ်။
နန့်ယားကျေးရွာက ဒေသခံအချို့ကို မနက်ခင်းစျေးသွားတဲ့အချိန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပြီး ခင်တောင်ကျေးရွာက ဒေသခံတွေကိုတော့ နေအိမ်ထဲဝင်ပြီး ဖမ်းဆီးခေါ်ဆောင်သွား ဖြစ်တယ်လို့ ပြောပါတယ်။
စစ်ကောင်စီအင်အား ၂၀၀ နီးပါးခန့်ရှိပြီး တပ်အချိန်းအပြောင်းလုပ်ရာမှာ ဒေသခံတွေကို လူသားဒိုင်းအဖြစ် ကာမိုင်းဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့လည်း ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဖားကန့်မြို့ဘက်ကနေ ဆင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) မေလ ၁၄ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ နန့်ယားကျေးရွားမရောက်ခင် ကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
ပုံဟောင်းဖြစ်ပါသည်။







