နိုဝင်ဘာ၊ ၉
ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးမှာ ရက္ခိုင့်တပ်တော် (AA) က ပါဝင်နေတယ်လို့ ညီနောင် ၃ ဖွဲ့က တရားဝင်ကြေညာထားပေမဲ့ လဝလောက်အကြာ ဒီနေ့ နိုဝင်ဘာ ၉ ရက်နေ့မှ အဲဒီတိုက်ပွဲတွေမှာ AA ပါဝင်နေတယ်ဆိုတာကို အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ဖော်ပြောလာပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့တုန်းက ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရအစည်းအဝေးမှာ တော့ ၁၀၂၇ စစ်ဆင်ရေး ၇ ရက်နေ့ကိုရောက်နေပေမဲ့ အဲဒီစစ်ဆင်ရေးတွေမှာ AA ပါဝင်နေတယ်လို့ မပြောခဲ့ပါဘူး။
အဲဒီ အောက်တိုဘာ ၂၇ ကစလိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးတွေမှာ ကိုးကန့်အဖွဲ့ (MNDAA)၊ တအာင်းအဖွဲ့ (TNLA) နဲ့ ကချင်အဖွဲ့ (KIA) တို့ပါဝင်နေတယ်လို့ပဲ ပြောခဲ့တာပါ။
ဒါဟာ ရှမ်းမြောက်မှာ ဆက်တိုက်ရှုံးနိမ့်နေတဲ့ စစ်တပ်အနေနဲ့ ရခိုင်ဒေသမှာပါ စစ်မျက်နှာမဖွင့်ချင်တာကြောင့် AA နာမည်ကိုထည့် မပြောခဲ့တာဆိုပြီး တော်လှန်ရေးအဖွဲ့ဝင်တွေနဲ့ ရှမ်းမြောက်တိုက်ပွဲတွေကို စောင့်ကြည့်တဲ့သူတွေက သုံးသပ်ထားကြပါတယ်။
ဒါပေမဲ့ မနေ့က ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ကာလုံအစည်းအဝေးမှာမှ ရှမ်းမြောက်နဲ့ စစ်ကိုင်းဘက်က တိုက်ပွဲတွေမှာ AA ပါဝင်နေတယ်ဆိုတာကို စစ်ကောင်စီခေါင်းဆောင်က ထုတ်ပြောလာတာဖြစ်ပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ နိုဝင်ဘာ ၈ ရက်နေ့ညပိုင်းထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီက ရခိုင်ပြည်နယ်မှာ လက်နက်ကြီးစမ်းသပ်ပစ်ခတ်တာတွေ ဆက်တိုက်လုပ်နေတာဟာ ရက္ခိုင်ဒေသရဲ့ ၁၀၂၇ စစ်ဆင်ရေးအစဖြစ်တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီက စစ်ဆေးတင်းကြပ်တာတွေ ပိုလုပ်လာသလို ရေလမ်းကြောင်းကိုအဓိကသုံးပြီး စစ်ရေးလှုပ်ရှားမှုလုပ်နေတာဟာ သိသာတဲ့စစ်ကောင်စီရဲ့ စစ်ရေးကြိုတင်ပြင်ဆင်မှုဖြစ်တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာတော့ ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးကတည်းကနေ ခုချိန်ထိ စစ်ကောင်စီနဲ့ AA ကြား တိုက်ပွဲတစ်ချို့သာ ရှိခဲ့တာဖြစ်ပါတယ်။
အခုအချိန်မှာတော့ နှစ်ဖက်စလုံးရဲ့ ဖမ်းဆီးမှုတွေလည်း မကြာခဏဖြစ်ပေါ်နေသလို စစ်ကောင်စီက လက်နက်ကြီးစမ်းသပ်ပစ်ခတ်တာတွေလုပ်နေတာကြောင့် ဒေသခံတွေဟာ တိုက်ပွဲတွေဖြစ်လာမှာကို စိုးရိမ်နေပြီး ကြိုတင်ပြင်ဆင်မှုတွေကိုလည်း ပြုလုပ်နေကြပါတယ်။