စစ်တပ်က စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းပြီးတဲ့နောက် တော်လှန်ရေးတပ်သားသစ် လျှောက်ထားမှု ထောင်ချီအထိ မြင့်တက်

47
ဓါတ်ပုံ - ရန်ကုန်တိုင်းစစ်ဌာန(NUG)

ဖေဖော်ဝါရီ ၊ ၁၄

စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကိုပြဌာန်းပြီးတဲ့နောက် စစ်ကောင်စီကိုတော်လှန်ဖို့ လျှောက်ထားတဲ့သူပေါင်း ထောင်ချီရှိလာနေပြီလို့ တော်လှန်ရေးအဖွဲ့တွေဆီက စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စတင်ပြဌာန်းခဲ့ပြီးတဲ့နောက် တစ်ဖက်က တော်လှန်ရေးအင်အားစုတွေဘက်မှာလည်း လူသစ်ခေါ်တဲ့အဖွဲ့တွေ အနည်းဆုံး အဖွဲ့ ၂၀ ထက်မနည်း ပေါ်ထွက်လာတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ရန်ကုန်တိုင်းစစ်ဌာနကိုဆိုရင်လည်း တပ်သားသစ်လျှောက်ထားမှုဟာ စကြေညာတဲ့အချိန်ကနေ ၁၂ နာရီအတွင်း ထောင်နဲ့ချီရှိခဲ့တယ်လို့ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

ဒါ့အပြင် တပ်သားသစ်ခေါ်ယူထားတဲ့ တခြားတော်လှန်ရေး အဖွဲ့အသီးသီးဆီကိုလည်း လာရောက်လျှောက်ထားတဲ့ တပ်သားသစ်တွေ အများအပြားရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ ဥပဒေမှာဆိုရင် အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းနဲ့ အမျိုးသမီးဆိုရင် အသက် ၁၈ ကနေ ၂၇ နှစ်အတွင်း စစ်မှုထမ်းဆောင်ရမှာ ဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။

ဒါကြောင့် အခုအချိန် တော်လှန်ရေးအဖွဲ့တွေဆီကို လာရောက်လျှောက်ထားတဲ့ သူတွေဟာလည်း လူငယ်တွေ အများစုဖြစ်နေတယ်လို့ သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်ကတော့ တပ်သားသစ်လျှောက်တဲ့သူ များပေမဲ့လည်း အခုအချိန်မှာ သေချာစိစစ် ရွေးချယ်နေကြတယ်လို့ ဆိုပါတယ်။

“အသက်မပြည့်သေးတဲ့လူလိုမျိုး၊ အသက်အရမ်းကြီးတဲ့လူလိုမျိုး၊ ကျန်းမာရေးမကောင်းတဲ့သူမျိုး၊ နောက်တစ်ခုက ပင်ပန်းဆင်းရဲမှုကို မခံနိုင်လောက်မယ့်သူမျိုးကို ကျွန်တော်တို့တစ်ခါတည်း ပယ်တယ်။” လို့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magwa) ရဲ့ စစ်ဦးစီးချုပ် နောင်သူရိန်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ အခုနှစ်သင်္ကြန်အပြီးမှာ စစ်မှုထမ်းပထမအသုတ်ကို စခေါ်မယ်လို့ပြောဆိုထားပြီး ဖေဖော်ဝါရီ ၁၃ ရက်နေ့ရက်စွဲနဲ့လည်း စိစစ်ရွေးချယ်ရေးကော်မတီကို ဖွဲ့စည်းပြီးသွားပါပြီ။

အခုအချိန်မှာတော့ ပြည်တွင်းမှာရှိတဲ့ လူငယ်တွေနဲ့ မိဘတွေကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေသလို NUG နဲ့ တော်လှန်ရေးအင်းအားစုတွေဘက်ကိုလည်း အဲဒီလူငယ်တွေအတွက်စဉ်းစားပေးကြဖို့ တိုက်တွန်းမှုတွေ ရှိနေပါတယ်။

“လက်ရှိဒီရန်သူရဲ့ ပြဌာန်းလိုက်တဲ့ ဥပဒေအရ ပြည်သူချင်းပြန်တိုက်ပေးတဲ့ ဗျူဟာပေါ့။ ဒီလူငယ်တွေကို ရှေ့ကနေ လူသားဒိုင်းအဖြစ်သုံးမယ့် အခြေအနေမျိုးတွေ ရှိနေတယ်ပေါ့။ ဒီမြို့ထဲမှာနေပြီး နယ်ထဲမှာနေပြီး၊ အဓိကကတော့ ရန်သူစစ်ကောင်စီစိုးမိုးထားတဲ့ နယ်ထဲမှာနေတဲ့ လူငယ်တွေအနေနဲ့ကတော့ ဒီအသွားအလာကအစ အိမ်မှာနေတာကအစ အစစ အရာရာဂရုစိုက်ဖို့လိုတယ်။” လို့ နောင်သူရိန်က ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ အဲဒီနှစ်မှာပဲ လူငယ်၊ လူလတ်အများအပြားဟာ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့ကြပြီး အဲဒီနောက်ပိုင်း အစုလိုက်အပြုံလိုက် တပ်သားသစ်ခေါ်ယူတာနဲ့ လျှောက်ထားမှုတွေဟာ လျော့ကျသွားပါတယ်။

ဒါပေမဲ့ အင်အားပြုန်းတီးလာတဲ့ စစ်တပ်ဟာ အာဏာသိမ်း ၃ နှစ်ပြည့်ပြီးတဲ့အချိန် စစ်မှုမထမ်းမနေရ ဥပဒေကိုပြန်ဌာန်းပြီးတဲ့နောက် တော်လှန်ရေးအင်အားစုတွေဆီ အခုလို တစ်ကျော့ပြန် အစုလိုက်အပြုံလိုက် တပ်သားသစ်လျှောက်ထားမှု ပြန်လည်ဖြစ်ပေါ်လာတာပါ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here