ရဲစခန်းတစ်ခုလုံး လက်နက်ချသွားသည့်နောက် ပေါက်တောမြို့ကို စစ်ကောင်စီက စစ်သင်္ဘောဖြင့် စတင်ပစ်ခတ်

418
Photo- ယခင်က စစ်ကောင်စီတပ်၏ ရေတပ်လေ့ကျင့်မှု မြင်ကွင်း

 

နိုဝင်ဘာ၊ ၁၆

ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေနဲ့ သိပ်မဝေးတဲ့ ပေါက်တောမြို့နယ်က ရဲစခန်းတစ်ခုလုံး ရက္ခိုင့်တပ်တော် (AA) ဆီကို လက်နက်ချပြီးတဲ့နောက် ဒီနေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီက စစ်သင်္ဘောပေါ်ကနေ မြို့ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် ဒီမနေ့မနက်ပိုင်းမှာလည်း လေကြောင်းကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပေါက်တောမြို့ကို ပစ်ခတ်ခဲ့တယ်လို့လည်း ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

“နေဗီ(စစ်သင်္ဘော)ကလာပြီ။ လက်နက်ကြီးပစ်သံကတော့ စကြားနေရပြီ။ ဘယ်လောက်လည်းတော့ မရေထားမိဘူး(အချက်ရေ) ။ သုံးလေးချက်လောက်ကတော့ ကြားရတယ်” လို့ ပေါက်တောဒေသခံတစ်ယောက်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ပေါက်တောမြို့မရဲစခန်းက စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့အင်အား ၇၀ လောက်ဟာ မနေ့ကညပိုင်းမှာ လက်နက်ချပြီးတဲ့နောက် ဒီနေမှာ AA က ဌာနဆိုင်ရာတွေကို ထိန်းချုပ်လုပ်တာလို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

အဲဒီနောက် လူမှုကွန်ရက်နဲ့ သတင်းဌာနတွေမှာ AA က မြို့ကို ထိန်းချုပ်သိမ်းပိုက်လိုက်တယ်ဆိုပြီး သတင်းတွေတက်လာပြီးတဲ့နောက် ဒီနေ့မှာ စစ်ကောင်စီက ပေါက်တောမြို့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အဲဒီပစ်ခတ်မှုတွေနဲ့ပက်သက်လို့ ထိခိုက်ပျက်စီးမှုတွေကိုတော့ အသေးစိတ်မသိရသေးသလို စစ်ကောင်စီကရော AA က ပါ ဒီနေ့ကိစ္စတွေနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ မထုတ်ပြန်သေးပါဘူး။

 

LEAVE A REPLY

Please enter your comment!
Please enter your name here