ဒီဇင်ဘာ၊၂၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တစ်ဖက်ကမ်းက ဗလမင်းထင်တံတား စုပေါင်းဂိတ် ပစ်ခတ်ခံရပြီးနောက် ဝိုင်းမော်မြို့နယ်၊ အောင်မြေ(၁)ကျေးရွာက ပြည်သူ့စစ် ဂိတ်စခန်းရှေ့မှာ လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးမှု တင်းကျပ်နေတယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းက ဗလမင်းထင်တံတား စုပေါင်းဂိတ်ကို အမည်မသိလက်နက်ကိုင်တချို့က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး နောက်တစ်နေ့မှာပဲ စစ်ဆေးရေး တင်းတင်းကျပ်ကျပ် လုပ်ဆောင်လာတာ ဖြစ်တယ်လို့ ဝိုင်းမော်မြို့ခံ ပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
” ဖုန်းစစ်တယ်။ ဆိုင်ကယ်Tool boxဖွင့်စစ်တယ်။ ဆိုင်ကယ်ဆို တွန်းပြီး သွားရတယ်။ အဖိုး၊ အဖွားဆိုလည်း ဆင်းတွန်းရတယ်။ ကားတွေလည်း စစ်တယ်”လို့ ဒေသခံက ဆိုပါတယ်။
ဒါ့အပြင် အထက်ပါဂိတ်စခန်းရှေ့ဝန်းကျင်မှာ ပြည်သူ့စစ် စစ်သားအင်အား ၅၀လောက် စောင့်ကြပ်ပြီး တားဆီးစစ်ဆေးနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
နောက်ထပ် ဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ အခုလို လမ်းသွား၊ လမ်းလာ ပြည်သူတွေကို တားဆီးပြီး အိတ်နှိုက်စစ်ဆေးတာတွေ၊ ဖုန်းစစ်ဆေးတာတွေ ပြုလုပ်တယ်လို့လည်း သိရပါတယ်။
အထက်ပါ ဒေသခံရဲ့ ပြောပြချက်အရ မနေ့က ဒီဇင်ဘာလ ၂၅ရက်နေ့မှာ အောင်မြေ(၂)ကျေးရွာ ဘက်ကနေ ပြည်သူ့စစ် စစ်သားတွေနဲ့ စစ်ကောင်စီတပ်သားတွေ အင်အားစုစုပေါင်း ၇၀ ကျော်လောက်အောင်မြေကျေးရွာ(၁) ဘက်ကို ထွက်ခွာသွားတဲ့အတွက် အင်အားဖြည့်တင်းဖို့ စစ်ကူသွားတာ ဖြစ်နိုင်တယ်လို့လည်း သိရပါတယ်။
ဒီဇင်ဘာလ ၁၅ ရက်နေ့က ရွှေညောင်ပင်ကျေးရွာကနေ တစ်မိုင်လောက်ဝေးတဲ့ ဘော်ဆာဒီးရွာဘက်က ပြည်သူ့စစ်စခန်း သိမ်းခံရပြီးနောက် နှစ်ဖက်တပ်စစ်ရေးတင်းမာလာတာဖြစ်ပြီး တစ်ဆက်တည်းမှာပဲ မနေ့က ရွှေညောင်ပင်ကျေးရွာမှာပါ ပစ်ခတ်မှုရှိခဲ့တယ်တာပါ။
ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီခွဲအချိန်လောက်မှာတော့ ရွှေညောင်ပင်ဂိတ်ကို စစ်အင်အားဖြည့်တင်းလာတဲ့ ပြည်သူ့စစ်ကားကို KIA ရက လမ်းခုလတ်မှာ တိုက်ခိုက်ခဲ့ပြီး ၁၅ မိနစ်အကြာ အပြန်အလှန် ပစ်ခတ်မှုရှိခဲ့ပြီးနောက် လက်ရှိအချိန်ထိ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရဆဲလည်း ဖြစ်ပါတယ်။
အောင်မြေ(၁) ကျေးရွာဟာ မြစ်ကြီးနား-လိုင်ဇာလမ်း ရွှေညောင်ပင်ကျေးရွာမရောက်ခင်မှာ တည်ရှိတာလည်း ဖြစ်ပါတယ်။







