ဩဂုတ်၊ ၂၂
ကချင်ပြည်နယ်၊ မိုးကောင်းမြို့မှာ ကျောင်းလာကြိုတဲ့ စစ်ကောင်စီကား ပစ်ခတ်ခံရပြီးတဲ့နောက်ပိုင်း ညပိုင်းကင်းလှည့်ပတ်တာတွေ ပိုမိုလုပ်ဆောင်နေပြီး လူငယ်တွေကို ဖမ်းဆီးနေတယ်လို့ မိုးကောင်းဒေသခံတွေက ဆိုပါတယ်။
မိုးကောင်းမြို့တွင်း နေရာတော်တော်များများမှာ စစ်ကောင်စီတပ်သားတွေကနေ စစ်ဆေးမေးမြန်းတာ၊ ရိုက်နှက်တာတွေနဲ့ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ မိုးကောင်းဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“သူတို့က ညကျရင်ပိုစစ်တာပေါ့။ လူငယ်တွေ ညထွက်ပြီး ပြန်လာတာတွေစစ်တယ်။ သူတို့ မသင်္ကာရင် ရိုက်နှက်တယ်။ အခုက စစ်သားတွေပဲ မြို့ဝင်မြို့ထွက် တော်တော်များများ နေရာတွေမှာ စောင့်နေတယ်။” လို့ ဒေသခံက ဆိုပါတယ်။
လက်ရှိအချိန်ထိ လူငယ် ၄ ဦးဖမ်းဆီးခံထားရတယ်လို့ သိရပြီး ၄ ဦးထက်လည်း ပိုနိုင်သလို ဖမ်းဆီးခံရတဲ့ လူငယ်တွေကို ဘယ်မှာထိန်းသိမ်းထားလဲဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက် ဒီရက်ပိုင်းအတွင်း ညပိုင်း ၉ နာရီကျော်အချိန်ဆိုရင် စစ်ကောင်စီက ကင်းလှည့်ပတ်ပြီး လမ်းသွားလမ်းလာ လူငယ်တွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာလို့ နောက်ထပ် မိုးကောင်းဒေသခံတစ်ဦးကလည်း အခုလိုပြောပါတယ်။
“ကိုးနာရီကျော်ရင် အချုပ်ကားနဲ့ တစ်ခါတည်းပတ်ပြီးမှ တွေ့တဲ့ကလေးတွေကို ခေါ်သွားတယ်ပြောတယ်။” လို့ဆိုပါတယ်။
ဩဂုတ်လ ၁၉ ရက်နေ့က ကျောင်းလာကြိုတဲ့ စစ်ကောင်စီကားဟာ မိုးကောင်းမြို့ ၊ ဈေးကုန်းရပ်ကွက်၊ အထက ၁ ကျောင်းအနီး သံလွင်တည်းခိုခန်းရှေ့မှာ ရပ်ထားတဲ့အချိန် ပစ်ခတ်ခံရတာကြောင့် ကားပေါ်မှာပါတဲ့ တပ်သား ၂ ဦးသေဆုံးသွားပြီး မိုးကောင်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း အဲဒီစစ်ကောင်စီကားကို ပစ်ခတ်တိုက်ခိုက်ပြီး သေနတ်တစ်လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။







