ဒီဇင်ဘာ၊၂၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်အတွင်းက တာဝန်ကျ ကျောင်းဆရာ/မတွေ ပြန်သွားတဲ့အတွက် ကျောင်းသုံးကျောင်းလောက် ပိတ်ထားလိုက်ရပြီး ကျောင်းသူ/သားတွေ ကျောင်းဆက်တက်နိုင်ဖို့အရေး အခက်ကြုံနေရတယ်လို့ သိရပါတယ်။
အင်ဂျန်းယန်မြို့အတွင်းက စစ်ကောင်စီတပ်စခန်းနှစ်ခုနဲ့ ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေသူအားလုံး နိုဝင်ဘာလ ၂၀ ရက်နေ့မှာ တပ်စခန်းတွေကနေ ထွက်ခွာသွားကြပြီးနောက် ကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ/မတွေပါ ပြန်သွားကြတဲ့အတွက် အင်ဂျန်းယန် အထကကျောင်း၊ အင်လော့ဒ်ယန်ရွာ (Nlawk Yang) မူလွန်ကျောင်း၊ အင်ဂရန့်ကောင့်ရွာ(Ngreng kawng)မူလွန်ကျောင်းတို့ ပိတ်ထားလိုက်ရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ကျောင်းသူ/သားပေါင်း ၃၀၀ လောက်ရှိတဲ့ အထက်ပါကျောင်းသုံးကျောင်းကို နိုဝင်ဘာလ ၂၀ ကျော်လောက်ကနေ လက်ရှိအချိန်အထိ ပိတ်ထားလိုက်ရတဲ့အတွက် ကလေးတွေရဲ့ ဒီနှစ်ပညာသင်ကာလဟာ ရပ်နားရတော့မယ့် အခြေအနေနဲ့ ကြုံနေရတယ်လို့ အထက်ပါ အင်ဂျန်းယန်ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“ခုက ကလေးတွေ ကျောင်းဆက်မတက်ဘဲ ဒီတိုင်းနေနေရတယ်။ မိဘတွေအနေနဲ့တော့ ကလေးတွေ ကျောင်းမတက်နိုင်တော့လို့ မြို့ဘက်တွေမှာ အရမ်းကြိုးစားကြည့်တယ်။ ဒါပေမဲ့ လက်မခံပေးကြဘူး။ စာမေးပွဲကြီးတောင် ရောက်တော့မယ်ဆိုတော့ လက်မခံကြတာနေမှာ။ “လို့ ဒေသခံက ဆိုပါတယ်။
အထက်ပါ ကျောင်းတွေ ပြန်ဖွင့်နိုင်ဖို့အရေး အင်ဂျန်းယန်မြို့နယ်အတွင်းက သက်ဆိုင်ရာ အသင်းတော်က တာဝန်ရှိသူတွေနဲ့ ရွာအတွင်းက တာဝန်ရှိသူတွေဟာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ဆီ သွားရောက်ပြီး တိုင်ပင်ညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ပေမဲ့ လက်ရှိအချိန်အထိ အဆင်ပြေမှုမရှိသေးဘူးလို့ အထက်ပါဒေသခံရဲ့ ထပ်မံပြောပြချက်အရ သိရပါတယ်။
“ခုလည်း ပိတ်ထားတယ်။ မဖွင့်သေးဘူး။ အစိုးရကျောင်း တရားဝင်ဖွင့်ထားဖို့ သိပ်မသင့်တော်တော့လို့ နေမှာ။ အဖွဲ့အစည်းနှစ်ခုကြား ညှိုနှိုင်းမှု အဆင်မပြေသေးလို့ ပိတ်ထားတယ်လို့ မြင်မိတယ်”လို့ ဒေသခံက ပြောပါတယ်။
ကျောင်းနားထားတဲ့ ကျောင်းသူ/သားတွေကို ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA)ဖွင့်လှစ်ထားတဲ့ ကျောင်းမှာ ထားဖို့အတွက်လည်း လမ်းခရီးဝေးလွန်းတဲ့အတွက် အခက်ကြုံနေကြတယ်လို့လည်း ဆိုပါတယ်။
အင်းဂျန်းယန်မြို့နယ်ဟာ မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်း မြစ်ဆုံဒေသ အထက်မှာတည်ရှိတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။







