စစ်သင်္ဘော စုန်ဆင်းသွားသည့်နောက်ပိုင်း ရွှေကူမြို့ အရှေ့ဖက်ခြမ်း မြစ်ကမ်းရိုးတန်းတစ်လျှောက်က ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေရ

210

အောက်တိုဘာ၊၁၂

ကချင်ပြည်နယ်၊ ရွှေကူမြို့ဘက် ဝင်ရောက်လာတဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘော ပြန်စုန်သွားတဲ့နောက် ရွှေကူမြို့ အရှေ့ဖက်ခြမ်း မြစ်ကမ်းရိုးတန်းတစ်လျှောက်က ဒေသခံအများစုဟာ အခြေအနေအမျိုးမျိုးကြောင့် ထွက်ပြေးတိမ်းရှောင်နေရပြီး အဆင်မပြေမှုတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

စစ်သင်္ဘောစုန်ဆင်းသွားတဲ့နောက်ပိုင်း စစ်ကြောင်းလှုပ်ရှားတာတွေ ရှိတာကြောင့် ဒေသခံတွေဟာ ညဘက်ဆိုရင် တိမ်းရှောင်အိပ်ကြရပြီး နေ့ဘက်ဆိုရင်တော့ မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်ရတာကြောင့် ပြေးလွှားနေရတဲ့ အခြေအနေတွေကြား အခက်အခဲတွေ ကြုံနေရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“အားလုံးမှာ ထိတ်လန့်နေရတဲ့ အခါကျတော့ ညလည်းမအိပ်နိုင် နေ့ကျပြန်တော့လည်း စားစရာ ရှာရဆိုတော့ တော်တော်လေး အဆင်မပြေမှုတွေကတော့ များနေတာ။တစ်ခါတလေဆိုလို့ရှိရင် အိမ်တွေဆို တစ်ညနှစ်ညပဲအိပ်ရတာ ရှောင်အိပ်နေရတာက များနေတာ။” လို့ ဒေသခံက ဆိုပါတယ်။

အဲဒီလိုကြုံတွေ့နေရတဲ့ ဒေသခံတွေဟာ ရွှေကူနဲ့ မျက်နှာချင်းဆိုင် တစ်ဖက်ကမ်းက မိုးစစ်၊ ရေလဲ၊ ဆင်တပ် ကျေးရွာတွေအပြင် ကျောက်ကြီးကျေးရွာ အောက်ဖက်က သာယာကုန်းရွာ၊ မင်းကျောင်းကုန်းရွာနဲ့ ကျောက်ကြီးအထက်ဘက်က ကျောက်တလုံးကျေးရွာတွေ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ကျေးရွာတွေထဲ အချိန်မရွေး ဝင်ထွက်သွားလာနိုင်တာကြောင့် စစ်ကောင်စီရဲ့ လှုပ်ရှားသွားလာမှုတွေကို သတိထားစောင့်ကြည့် တိမ်းရှောင်နေကြရပြီး စစ်ကိုင်းအစပ် ကျောက်ကြီးကျေးရွာအောက်ဖက်က ထွက်ပြေးနေရတဲ့ ကျောင်းသူ ကျောင်းသားတွေဆိုရင် ကျောင်းပုံမှန် မတက်နိုင်ကြဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။

လက်ရှိ အဲဒီအခြေအနေတွေနဲ့ ကြုံတွေ့နေရတဲ့ ကျေးရွာတွေဘက်မှာ အိမ်ခြေ ၆၀၀ ဝန်းကျင်လောက်ရှိတဲ့ ရွာတွေပါသလို အိမ်ခြေ ၂၀၀ နီးပါးရှိတဲ့ကျေးရွာတွေလည်း ပါဝင်တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့က ရွှေကူမြို့ကို ရောက်ရှိလာတဲ့ စစ်သင်္ဘောက တပ်သားတွေနဲ့ ပျူစောထီးတွေဟာ ရွှေကူတစ်ဖက်ကမ်းမှာရှိတဲ့ ရေလဲကျေးရွာက နေအိမ် ၄၅ အိမ်နဲ့ မိုးစစ်ကျေးရွာက နေအိမ် ၂ အိမ် စသဖြင့် တန်ဖိုးကြီးမားတဲ့ အရပ်သားနေအိမ် ၄၇ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့သလို ဒေသခံတွေလည်း ထွက်ပြေး တိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here